MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-26) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၃၀ ရက်(ယနေ့) ညနေက စမ်းချောင်းမြို့နယ်ရှိ၊ ပဒုမ္မာဘောလုံးကွင်းတွင် မကွေး ယူ-၂၁ အသင်းနှင့် စစ်ကိုင်း ယူ-၂၁ အသင်းတို့ ကစားခဲ့ ကြရာ စစ်ကိုင်းအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မကွေးအသင်းသည် ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် စစ်ကိုင်းအသင်းဘက်သို့ ထိုးဖောက်ခဲ့သော်လည်း ရှေ့တန်းတွင် အဆုံးသတ်မသေချာမှုများကြောင့် ဦးဆောင်ဂိုးရရန် ရုန်းခဲ့ရသည်။ စစ်ကိုင်းအသင်းက တန်ပြန်တိုက်စစ်ဖြင့် မကွေးအသင်းကို အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့သည့်အပြင် ပွဲချိန် ၃၄ မိနစ်တွင် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ဆောင်းဦးလှိုင်က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် စစ်ကိုင်းအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင် ကစားခဲ့သည်။
ဒုတိယပိုင်းတွင် မကွေးအသင်းမှ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကိုင်းအသင်းမှ မာမာထန်ထန်ဖြင့် တုံ့ပြန်ကစားခဲ့သည်။ စစ်ကိုင်းအသင်းသည် အနိုင်ရလဒ်အား ပွဲပြီးဆုံးသည်အထိ ထိန်ကစားနိုင်ခဲ့သည့်အတွက် မကွေးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ သွားခဲ့သည်။ မကွေးအသင်းသည် ယနေ့ ကစားခဲ့သည့် စစ်ကိုင်းအသင်းနှင့်ပွဲစဉ်သည် ၄င်းတို့အတွက် နောက်ဆုံးရာသီပိတ် ပွဲစဉ် တစ်ပွဲဖြစ်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် အရှုံးဖြင့်သာ ရင်ဆိုင်သွားခဲ့ရခြင်းဖြစ်သည်။ မကွေးအသင်းသည် ပွဲစဉ် ၂၆ ပွဲစလုံး ကစားပြီးချိန်၌ ၁၀ ပွဲ နိုင်၊ ကိုးပွဲ သရေ၊ ခုနစ်ပွဲ ရှုံး ရမှတ် ၃၉ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်ခဲ့သည်။ ယနေ့ ပွဲစဉ်တွင် အနိုင်ရခဲ့သည့် စစ်ကိုင်း အသင်းသည် ၂၅ ပွဲကစားပြီးချိန်၌ သုံးပွဲ နိုင်၊ သုံးပွဲ သရေ၊ ၁၉ ပွဲရှုံး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၁၄ တွင် ဆက်လက်ရပ်တည်နေသည်။ စစ်ကိုင်းအသင်းသည် လက်ကျန်နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် MFF Youth အသင်းနှင့် စက်တင်ဘာ ၂ ရက် စလင်းကွင်းတွင် ဆက်လက်ကစားရမည်ဖြစ်သည်။