ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ရန်ကုန်ယူနိုက်တက်အသင်း၏ ခြေစမ်းပွဲများတွင် ပါဝင်ကစားလျက်ရှိသည့် ကွင်းလယ်လူ ငြိမ်းချမ်းအောင်က မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်များတွင် ပါဝင်ကစားခွင့်ရရှိရန် ကြိုးစားနေသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
“ဂျီအက်ဖ်အေနဲ့ ပွဲမှာတော့ ကစားရတာ သိပ်ပြီးအားရမှု မရှိဘူး။ ဒါကလည်း ပွဲမကစားရတာ ကြာတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီနေ့(ရခိုင်အသင်း) ပွဲကတော့ ပိုပြီးတော့ ကစားရတာ အဆင်ပြေလာတယ်။ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲတွေမှာလည်း ကစားခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေပါတယ်” ဟု ငြိမ်းချမ်းအောင်ကပြောသည်။
၎င်းသည် ပြီးခဲ့သည့် ရန်ကုန်ယူနိုက်တက် ၁-၀ ဂျီအက်ဖ်အေ ပွဲစဉ်တွင်လည်း ဒုတိယပိုင်း၌ လူစားလဲ ပါဝင်ကစားခဲ့သည်။ ထို့ပြင် သြဂုတ်လ ၂၉ ရက်နေ့က ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း ဒုတိယပိုင်းတွင် ပါဝင်ကစားခဲ့ရာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။
“အခုကတော့ ရာနှုန်းပြည့် ကစားနိုင်အောင် ကြိုးစားနေပါတယ်။ ကိုယ့်ကိုကိုယ်ရာနှုန်းပြည့် ကစားနိုင်မယ်လို့လည်း ယုံကြည်တယ်။ အခုလည်း ကစားနေပါတယ်။ အရင် ၅၀-၅၀ အနေအထားကနေ အခု အင်တိုက်အားတိုက်လည်း ကစားနိုင်လာတယ်။ ဒါကလည်း ထိုင်းမှာ ၂ လ ကြာ သွားပြီး လေ့ကျင့်ခွင့်ရတဲ့ အကျိုးကျေးဇူးလည်း ပါပါတယ်” ဟု လက်ရွေးစင်ဟောင်းက ပြောသည်။
ထို့အပြင် လက်ရွေးစင်အသင်း၌ ပြန်လည် ပါဝင်ခွင့် ရရှိရေးနှင့် ပတ်သက်၍ “အဲဒါတော့ ဘယ်လိုပြောရမလဲ။ အခု လက်ရှိ လက်ရွေးစင်နည်းပြက အသစ်ဆိုတော့ ပြောရခက်တယ်ပေါ့။ ဒါပေမယ့်လည်း ကလပ်အသင်းမှာ ကျွန်တော်ပါဝင်ခွင့်ရလို့ သူ(လက်ရွေးစင်နည်းပြ) မြင်သွားမယ်ဆိုရင်တော့ ပါနိုင်ပါတယ်” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် MPT Myanmar National League 2018 လက်ကျန်ပွဲစဉ်များအဖြစ် စက်တင်ဘာ ၁၁ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့သည့် ပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အလားတူ ပွဲစဉ် (၂၁)တွင် မြ၀တီအက်ဖ်စီအသင်း၊ ပွဲစဉ် (၂၂)တွင် ဆောက်သမ်းမြန်မာအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် General Aung San Shield 2018 ဆီးမီးဖိုင်နယ်ပွဲစဉ်များကိုလည်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်း၏ လက်ကျန်ပွဲစဉ်များတွင် ပါဝင်ကစားခွင့် ရရှိပြီး လက်ရွေးစင်အသင်းတွင် တစ်ကျော့ပြန် မြင်တွေ့ခွင့်ရနိုင်မည်လားဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။