မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်ကြသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် လာမည့် စက်တင်ဘာ ၁ ရက်(မနက်ဖြန်) ညနေ ၃း၃၀၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ခြေစမ်းကစားကြမည်ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် လက်ကျန်ပွဲစဉ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ကစားလျက်ရှိပြီး မြန်မာ ယူ-၁၆ အသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီး ရန်ကုန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ရခိုင်ယူနိုက်တက်အသင်း သည် ပွဲစဉ် ၂၀ ပွဲကစားပြီးတွင် ခုနစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ ကိုးပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီ ယူနိုက်တက်အသင်းသည် ကိုးပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ကျန်ပွဲစဉ်နှစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်း၊ မကွေးအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် နှစ်ပွဲ နှင့် တစ်ပိုင်း ကစားရန် ကျန်ရှိနေသည်။ ဟံသာဝတီအသင်းသည် လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒုတိယပိုင်းတစ်ပိုင်း ဆက်လက်ကစားရမည်ဖြစ်ပြီး ကစားပြီးခဲ့သည့်ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားသည်။
ဟံသာဝတီအသင်းသည် ရန်ကုန်အသင်းနှင့် ကစားပြီးပါက ရတနာပုံ၊ ဧရာဝတီယူနိုက်တက်အသင်းများနှင့် အိမ်ကွင်းတွင် ဆက်လက် ကစားရမည်ဖြစ်သည်။ လက်ရှိတွင် ဟံသာဝတီအသင်းသည် General Aung San Shield 2018 ရှုံးထွက်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင် နယ်အဆင့်ထိ တက်ရောက်ထားပြီး ဆီမီးဖိုင်နယ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမည်ဖြစ် သည်။ ဟံသာဝတီအသင်းသည် စက်တင်ဘာ ၁၉ ရက်တွင် ပထမအကျော့အဖြစ် အိမ်ကွင်းဖြစ်သည့် ပဲခူး၊ Grand Royal Stadium တွင် ရှမ်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် ဒုတိယအကျော့အဖြစ် တောင်ကြီးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။