ပြိုင်ဘက်အသင်း၏ အနေအထားအထက် မိမိအသင်း၏ ရလဒ်ပိုင်းကိုသာ စိတ်ဝင်စားကြောင်း ရှမ်းအသင်းနည်းပြ မာယန်းပြော

August 31, 2018

 

လက်ရှိ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနည်းပြက ပြိုင်ဘက်အသင်း၏ အနေအထားအထက် မိမိအသင်း၏ ရလဒ်ပိုင်းကိုသာ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပြီး လက်ကျန် ၂ ပွဲတွင် အမှားအယွင်းမရှိအောင် ကစားသွားမည်ဟု ပြောဆိုသွားခဲ့သည်။

“ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်က ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ကစားမယ်။ ချန်ပီယံဖြစ်ဖို့ ကြိုးစားမယ်။ ပြိုင်ဘက်အသင်းရဲ့ အနေအထားကို စောင့်ကြည့်နေမှာ တော့ မဟုတ်ပါဘူး” ဟု ရှမ်းအသင်းနည်းပြ မာယန်းကပြောသည်။

MPT Myanmar National League 2018 ပွဲစဉ် (၂၀)အပြီးတွင် ရန်ကုန်အသင်းက ၄၅ မှတ် မှတ်ရရှိထားပြီး ရှမ်းအသင်းက ၄၄ မှတ် ရရှိထားကာ အဆိုပါ နှစ်သင်း ချန်ပီယံဆု အပြိုင်လုရမည့် အနေအထားဖြစ်သည်။ လက်ရှိအနေအထားတွင် ရန်ကုန်ယူနိုက်တက်အသင်းက  ၁ မှတ် အသာရရှိထားသည့်အပြင် ရာသီဥတုကြောင့် ရွှေ့ဆိုင်းထားရသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒုတိယပိုင်းပွဲစဉ်ကိုပါ ဆက်လက်ယှဉ်ပြိုင်ရန် ရှိနေသည်။ ထို့ကြောင့် ချန်ပီယံဆု တစ်ကျော့ပြန် ဆွတ်ခူးနိုင်ရန် အခွင့်အရေးအသာရရှိနေသည့် အနီးကပ်ဆုံးပြိုင်ဘက် ရန်ကုန်အသင်း၏ အခြေအနေအပေါ် ၎င်းက ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်သည်။

လက်ရှိချန်ပီယံ ရှမ်းအသင်းသည် မြန်မာနေရှင်နယ်လိဂ် လက်ကျန် ၂ ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း၊ မြ၀တီအက်ဖ်စီအသင်းတို့နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

“ပြိုင်ဘက်အသင်းရဲ့ အခြေအနေထက် ကျွန်တော်တို့အသင်းရဲ့ လက်ကျန်၂ ပွဲကို ပိုပြီး စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့အသင်းက လက်ရှိအချိန်အထိ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရပ်တည်နေဆဲပါ။ လက်ကျန် ၂ ပွဲကိုပဲ အာရုံစိုက်ကစားသွားမှာပါ” ဟု မာယန်က ဆက်လက်ပြောသည်။

သို့သော် ရှမ်းအသင်းတွင် ဆော်လမန်၊ ဒွေးကိုကိုချစ်နှင့် ဂိုးသမား သီဟစည်သူတို့မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
ရှမ်းအသင်းသည် ချန်ပီယံဆု ကာကွယ်နိုင်ရန် အခွင့်အရေး ရှိနေဆဲဖြစ်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၌လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားနိုင်သည်။