မြန်မာနေရှင်နယ်လိဂ်ယူ-၂၁ လူငယ် အမှတ်ပေးဆုဖလားကို အား/ကာသိပံ္ပ(က)အသင်း ဆွတ်ခူး ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့

September 2, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုကို အား/ကာသိပံ္ပ(က)အသင်း ရယူနိုင်ခဲ့ပြီး ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

MPT Myanmar National League(U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏  ဆုပေးပွဲအခမ်းအနား မတိုင်မီ  ရတနာပုံအသင်းနှင့် အား/ကာသိပံ(က)အသင်းတို့  ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ကစားခဲ့ကြပြီး ISPE(A)အသင်းက ရတနာပုံအသင်းကို ၃-၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်အပြီး  ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တတိယဆု ရရှိသည့်  ရတနာပုံအသင်းအား MPT Joint Operation မှ Marketing Department Director ဦးခင်မောင်မြင့်မှ   တစ်ဦးချင်း  ကြေးတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး ပြိုင်ပွဲတွင် တတိယဆု ရရှိသည့်အသင်း ရတနာပုံအသင်းကို  ဆုကြေးငွေကျပ်သိန်း ၅၀ ချီးမြှင့်ရာ အဆိုပါဆုကို အားကစားနှင့်ကာယပညာသိပံ္ပ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးစိုးအောင်မှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

MPT Myanmar National Leauge (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို  ရှမ်းယူနိုက်တက်လူငယ်အသင်းက ရယူနိုင်ခဲ့ရာ  တစ်ဦးချင်း ငွေတံဆိပ်ဆုများကို  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်၊ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်မှ  ပေးအပ်ခဲ့သည်။  ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည့်  ရှမ်းလူငယ်အသင်းကို ဆုကြေးငွေကျပ်သိန်း  (၁၀၀)  ချီးမြှင့်ခဲ့ပြီး အဆိုပါဆုကို  မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ထို့နောက်  ချန်ပီယံဆု ရရှိခဲ့သည့် ISPE(A)-အား/ကာသိပံ္ပလူငယ်(က)အသင်းကို တစ်ဦးချင်းရွှေတံဆိပ်ဆုနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အထူးဂုဏ်ပြုငွေကျပ် သိန်း (၁၃၀) ချီးမြှင့်ပေးခဲ့သည်။  တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်မှ တက်ရောက်ချီးမြှင့်ပေးပြီး  မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အထူးဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၃၀) ချီးမြှင့်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မှ တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ထို့နောက် MPT Myanmar National Leauge (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် (၂၆)ပွဲကစား၊ ပွဲ(၂၀)နိုင်၊  (၃) ပွဲသရေ၊ (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ပြီး ရမှတ် ၆၃ မှတ်ဖြင့် ချန်ပီယံသရဖူကို  ရယူနိုင်ခဲ့သည့် ISPE(A)-အား/ကာသိပံ္ပ(က) အား   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မှပင်  တံခွန်စိုက်ဆုဖလားကို တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ပြိုင်ပွဲဝင် ၁၄ သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင်   ရမှတ် (၆၃)မှတ် ဖြင့်  ISPE(A) အသင်းက ပထမ၊  (၁၅)  ပွဲနိုင်၊ (၈) ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ် (၅၃)  ရရှိခဲ့သည့်  ရှမ်းယူနိုက်တက်လူငယ်အသင်းက ဒုတိယ၊ (၁၅) ပွဲနိုင်၊ (၇)ပွဲသရေ၊ (၄) ပွဲရှုံး၊ ရမှတ် (၅၂) မှတ် ရယူနိုင်ခဲ့သည့် ရတနာပုံလူငယ်အသင်းက တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။