MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲအတွက် အသက်စစ်ဆေးရာတွင် ကစားသမား ၃ ဦး အသက်ကျော်လွန်နေကြောင်း တွေ့ရှိ~ ကစားသမား ၁၂ ဦး အသက်စစ်မခံဘဲ ပြိုင်ပွဲမှ နှုတ်ထွက်

September 2, 2018

စက်တင်ဘာ ၄ ရက်တွင်  စတင်ကျင်းပတော့မည့်  MPT U-14 Football Tournament 2018 (မော်လမြိုင်) ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား သုံးဦးမှာ   အသက်ကျော်လွန်နေကြောင်း  စစ်ဆေးတွေ့ရှိရပြီး ကစားသမား ၁၂ ဦးမှာ အသက်စစ်ဆေးမှု ခံယူခြင်းမရှိဘဲ မိမိဘာသာအလျှောက် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်သည်။ ထို့ကြောင့်  အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် မုံရွာပြိုင်ပွဲမှ စတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သည့် အသက်စစ်အဖွဲ့မှ  စစ်ဆေးနေခြင်းဖြစ်သည်။

“အသက်ကြီးတယ်လို့ သံသယရှိတဲ့ ကစားသမား ၂၀ ဦး ရွေးထုတ်လိုက်တယ်။ အဲဒီမှာ  ကစားသမား ၁၂ ဦးက အသက်စစ် မခံယူတော့ဘဲ သူတို့ဘာသာအလျောက် ပြိုင်ပွဲကနေ နှုတ်ထွက်သွားတယ်။ ဒီ ၁၂ ဦးက အသက်အရွယ်ကျော်လွန်နေတဲ့အတွက် အစစ်မခံတာဖြစ်ပါတယ်။  ဒါကြောင့် ကျန်တဲ့ ၈ ဦးကို ဓာတ်မှန်ရိုက် စစ်ဆေးလိုက်တော့  ၅ ဦးပဲ  အသက်စစ်ဆေးတာ အောင်မြင်တယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးက ပြောသည်။

ထို့ကြောင့် မော်လမြိုင်မြို့တွင် ကျင်းပသွားမည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အသက်စစ်ဆေးမှု အောင်မြင်ခြင်း မရှိသည့် ကစားသမားများကို  ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် ကျင်းပခဲ့သည့်  MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ကစားသမား ၁၃ ဦးမှာ အသက်ကျော်လွန်နေသဖြင့် အိမ်ပြန်စေလွှတ်ခဲ့ရသည့်နည်းတူ ပဲခူးမြို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အသက်ကျော်ကစားသမား ၁၄ ဦးအထိ ထပ်မံတွေ့ရှိခဲ့ရ၍ အိမ်ပြန်စေလွှတ်ခဲ့ရသည်။

ယနေ့ အသက် စစ်ဆေးရာခဲ့တွင် ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမားများကို  ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်  ယခုကဲ့သို့ အသက်စစ်ဆေးမှုများ ပြုလုပ်ရခြင်းမှာ ပြိုင်ပွဲဝင်အသင်းများနှင့်  ကစားသမားများအား ထိခိုက်နစ်နာစေလို၍ ပြုလုပ်ရခြင်း မဟုတ်ဘဲ မြန်မာ့ဘောလုံးလောက အနာဂတ်ကောင်းမွန်ရေးအတွက် ယခုအဆင့်မှ စတင်ကာ အသက်မှန်ကန်ရေး အလေးထား  ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယခုနှစ်အတွင်း  MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို မန္တလေး၊ မုံရွာ၊ ပဲခူးမြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ယခုမော်လမြိုင်မြို့တွင် ကျင်းပလျက်ရှိသည်။ ဆက်လက်ပြီး စစ်တွေ၊ပုသိမ်၊ ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်  ကျင်းပသွားဦးမည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲများတွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား စစ်ဆေးသွားမည် ဖြစ်ပါသည်။

MPT အသက် ၁၄ နှစ်အောက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုံးသင်းပါ လေးအုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။