မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်း၍ ယခုနှစ်အတွင်း အထူးစီမံကိန်းတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများအနက် တစ်ခုဖြစ်သည့် MPT U-14 Football Tournament 2018(Mawlamyine) ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက မော်လမြိုင်မြို့၌ စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဦးဆောင်လမ်းညွန်မှု၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့၏ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်သည့် အဆိုပါဖွင့်ပွဲအခမ်းအနားကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ အခမ်းအနားတွင် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အတူ MFF-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်) ကိုလည်း တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ရာ အသက် ၆ နှစ်မှ ၁၂ ကြားရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ် စုစုပေါင်း ၂၆၀ ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ မွန်ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့် နှင့် ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် တာဝန်ခံ ပညာရေးမှူး ဒေါ်လဲ့လဲ့ကြည်၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT-KSGM Joint Operation မှ Deputy Chief Commercial Officer ဦးသိန်းဟုတ်နှင့် တာဝန်ရှိသူများ၊ Myanmar Care မှ General Sales Manager ဦးကျော်ဇေယျာသောင်း(မြန်မာဘရူဝါရီလီမိတက်) နှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ် Old Stars မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များ၊ ယူ ၁၄ ပြိုင်ပွဲဝင် ဘောလုံးသမားများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ အခမ်းအနားဖွင့်လှစ်ကြေညာပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် “ဒီနေ့အခမ်းအနားက မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေးကြီးပြီး အခြေခံကျတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ ဘောလုံးလောကတိုးတက်ရေးအတွက် လူငယ်ဘောလုံးပွဲတော်တွေနဲ့ အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်မယ့် လုပ်ငန်းစဉ်ကြီးကို အထောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT တို့ ပူးပေါင်းပြီး လူငယ်ဘောလုံးပွဲတော်တွေနဲ့ ယူ ၁၄ ဘောလုံးပြိုင်ပွဲတွေကို ယခုနှစ်ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ဖော်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ မွန်ပြည်နယ်မှာ အခုလို လာရောက်ကျင်းပပေးတဲ့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားရော ဘောလုံးကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ တစ်ချိန်မှာ လက်ရွေးစင်အဆင့်ကို မျှော်မှန်းခွင့် ရမယ့် အခုလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ယခုလို ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့အနေနဲ့ များစွာ ၀မ်းမြောက်ကြိုဆိုပါတယ်။ လူငယ်ဘောလုံးပွဲတော်တွေကို များများ ကျင်းပပေးခြင်းဖြင့် ကလေးလူငယ်တွေကြားမှာ ဘောလုံးကို ပိုမိုစိတ်ဝင်စားလာမှာဖြစ်တဲ့အပြင် ကျန်းမာပျော်ရွှင်မှုကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းအတွက် အားကိုးအားထားပြုရတဲ့ မျိုးဆက်သစ်ကစားသမားလေးတွေ မွေးထုတ်ပေးနိုင်တော့မှာပဲဖြစ်ပါတယ်။ ဘောလုံးကစားခြင်းဖြင့် စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိပြီး နိုင်ငံအတွက် အားထားရတဲ့ ကစားသမားကောင်းတွေ ဖြစ်အောင်ကြိုးစားကစားကြပါ” ဟု စသည်ဖြင့် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကားပြောကြားရာတွင် “ ယနေ့အခမ်းအနားသို့ အလုပ်မအားလပ်သည့်ကြားမှ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များနဲ့ ဂုဏ်သရေရှိလူကြီးမင်းများ၊ ပံ့ပိုးပေးကြတဲ့ MPT၊ Myanmar Care နဲ့ သက်ဆိုင်ရာ စပွန်ဆာများ၊ ဆရာ၊ဆရာမများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများနဲ့ ပြိုင်ပွဲဝင် အားကစားသမားများကို အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေနဲ့ကတော့ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှိတဲ့အင်အား၊ လုပ်နိုင်တဲ့အနေထားတစ်ခုနဲ့ ဘောလုံးဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာ တော်တော်လေးကြာနေပါပြီ။ ဒါပေမယ့် ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီး အများစု ပါဝင်ပြီးတော့ လူငယ်အများစု ပါဝင်ဆင်နွှဲနိုင်တဲ့ဘောလုံးပွဲတော်တွေကို နှစ်ပေါင်းများစွာ မလုပ်နိုင်ခဲ့ပါဘူး။ ယခုလက်ရှိ MPT နဲ့ သက်ဆိုင်ရာစပွန်ဆာ ပါတနာတွေရဲ့ ပံ့ပိုးမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ပူးပေါင်းပါဝင်မှု၊ သက်ဆိုင်ရာအားကစားနှင့် ကာယပညာဦးစီးဌာနတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်သာ ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အင်မတန်သာယာလှပတဲ့ ဘောလုံးကွင်းမှာ စည်စည်ကားကားလေးဖြစ်အောင် ပြုလုပ်ခွင့်ပေးတဲ့ ဆောက်သမ်းမြန်မာအသင်းဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့အပါအ၀င် အသင်းတာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ်မှာတော့ မွန်ပြည်နယ်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုမှာ အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မွန်ပြည်နယ်ကတော့ စတုတ္ထမြောက်ကျင်းပတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ပထမဦးဆုံး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ လူငယ်ဘောလုံးပွဲတော်နဲ့ MPT အသက် ၁၄ နှစ်အောက်ပြိုင်ပွဲတွေကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း စစ်တွေ၊ပုသိမ်၊ ရန်ကုန်၊တောင်ကြီးတို့မှာ ကျင်းပသွားဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲတော်မှာ ပါဝင်ကြတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဘောလုံးအားကစားကို ယခုထက်ပိုမို ချစ်ခင်မြတ်နိုးပီးတော့ ပိုမိုကြိုးစားကြဖို့ လိုပါတယ်။ အဖွင့်မိန့်ခွန်းမှာ လူမှုရေးဝန်ကြီးပြောကြားခဲ့သလို နောင်တစ်ချိန်မှာ နိုင်ငံ့လက်ရွေးစင်အဆင့်ဆင့်အတွက် အားထားရတဲ့ အားကစားသမားကောင်းလေးတွေ ဖြစ်အောင်ကြိုးစားကြဖို့ ဒီနေရာကနေ အားပေးတိုက်တွန်း မှာကြားလိုပါတယ်။ ဒါ့အပြင် ယူ ၁၄ ဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဘောလုံးသမားတွေကို သက်ဆိုင်ရာဆေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သေသေချာချာ စစ်ဆေးထားတာလည်းဖြစ်ပါတယ်။ ဒါကလည်း အနာဂတ်လက်ရွေးစင်အဆင့်မှာ အထောက်အကူဖြစ်အောင် ယခုအချိန်ကတည်းက ကြိုတင်ဆောင်ရွက်ထားရခြင်းလည်းဖြစ်ပါတယ်။ လာမယ့်ပြိုင်ပွဲတွေမှာလည်း ယခုလိုပဲ အသက်မှန်ကန်ရေးကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲနဲ့ လူငယ်ဘောလုံးပွဲတော် ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြတဲ့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမများနဲ့ တာဝန်ရှိသူတွေရော၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေရော၊ ပံ့ပိုးပေးကြတဲ့ MPT၊ Myanmar Care၊ Canon၊ 100 Plus နဲ့ သက်ဆိုင်ရာစပွန်ဆာတွေ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူတွေနဲ့ ပြိုင်ပွဲဝင် အားကစားသမားများကို ကျေးဇူးတင်ရှိပါတယ်” ဟု အမှုဆောင်အရာရှိချုပ်ကပြောကြားခဲ့သည်။
ထို့နောက် MPT-KSGM Joint Operation မှ Deputy Chief Commercial Officer ဦးသိန်းဟုတ်မှ “ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ မြန်မာ့ဘောလုံးလောက ပြန်လည် ဦးမောလာစေဖို့အတွက် ပူးပေါင်းကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီနေ့ဆိုရင် လူငယ်ဘောလုံးပွဲတော်အပြင် MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားလည်းဖြစ်ပါတယ်။ အခုလို သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဆောင်ရွက်ဖြစ်အောင် ဆောင်ရွက်ပေးတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း MPT ဟာ ကွှန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နှလုံးသားထဲက မြန်မာ” ဆိုတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေး၊လူမှုရေး၊ ကျန်းမာရေး၊သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့နေရာတွေနဲ့ အားကစားကဏ္ဍတွေ စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်နေတာ အားလုံးပဲ အသိပဲဖြစ်ပါတယ်။ မြန်မာ့ဘောလုံးလောက ရွှေခေတ်ကို ပြန်လည်ရောက်ရှိဖို့၊ ပြန်လည်ထွန်းကာလာစေဖို့အတွက် မျှော်လင့်တကြီးနဲ့ စောင့်စားနေကြတဲ့ မြန်မာပြည်သူတွေ စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးဖို့အတွက်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပါဝင်ခွင့်ရတာကိုလည်း အထူးပဲ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ၃ နှစ်သက်တမ်း ပါတနာရှစ် ==ဆောင်ရွက်နေရာမှာ ။ ဒီနေ့အခမ်းအနားကို အခုလို ခမ်းခမ်းနားနားလေးဖြစ်အောင် ဆောက်ရွက်ပေးတာကြတဲ့ အနာဂတ်လူငယ်တွေအတွက် မြှင့်တင်ပေးနေတဲ့ နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ နည်းပြ၊ဆရာ၊ဆရာမတွေ အပါအ၀င် အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ MPT အနေနဲ့ အခုပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အပေါ်မှာလည်း အထူးပဲ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံအနာဂတ်အတွက် ယခုကဲ့သို့ အတူတကွကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက နှုတ်ခွန်းဆက်စကားပြောဆိုခဲ့သည်။
ဆက်လက်ပြီး ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲအား တက်ရောက်လာသည့် ဧည့်သည်တော်များမှ ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကာ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲဝင် ကစားသမားများ၊ နည်းပြများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကလေးငယ်များ၏ ဘောလုံးပွဲတော် ပွဲဝင်ဆင်နွှဲမှုကို လိုက်လံ အားပေးခဲ့ကြသည်။
ထို့ပြင် ယနေ့ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ MPT မှ ဘောလုံး ၂၅၀နှင့် Myanmar Care မှ ဘောလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးမှ ဒေါက်တာထိန်လင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ လက်ခံရယူခဲ့သည်။
MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။