ချန်ပီယံဟောင်းအသင်းတွေ ယှဉ်ပြိုင်ကြမယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်များ

September 10, 2018

မြန်မာ့ဘောလုံးလောက၏ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ခုဖြစ်သည့် General Aung San Shield 2018 ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကျင်းပသွားတော့မည်ဖြစ်သည်။

ယခုနှစ် ဆီမီးဖိုင်နယ်အဆင့်တွင် ရန်ကုန်ယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြပြီး အိမ်ကွင်းအဝေးကွင်း ပုံစံဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ နှစ်ကျော့ပေါင်းရလဒ် အသာရရှိသည့် အသင်းက ဗိုလ်လုပွဲကြီးဆီ ချီတက်ခွင့် ရရှိမည်ဖြစ်ပါသည်။

စက်တင်ဘာ ၁၈၊ ၁၉ ရက်များတွင် ကျင်းပမည့် ပထမအကျော့တွင် ရန်ကုန်ယူနိုက်တက်က အိမ်ကွင်း Y.U.S.C ကွင်းတွင် မကွေးအက်ဖ်စီအသင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို အိမ်ကွင်းဖြစ်သည့် ပဲခူးမြို့ Grand Royal ကွင်းတွင် ဧည့်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုနှစ် ဆီးမီးဖိုင်နယ်ရောက်အသင်းများတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အပါအ၀င် ဟံသာဝတီ၊ ရန်ကုန်နှင့် မကွေးအသင်းများမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု(ရှုံးထွက်ဖလား)ကို ရယူနိုင်ခဲ့သည့် အသင်းများလည်းဖြစ်သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရှုံးထွက်ဖလားပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ်မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ရှုံးထွက်ဖလားအနေဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှုံးထွက်ဖလားပြိုင်ပွဲ၏ ပထမဦးဆုံး ချန်ပီယံအသင်းမှာ ဟံသာဝတီယူနိုက်တက်(ဥဿာယူနိုက်တက်)အသင်းဖြစ်ပြီး ၂၀၁၀ ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂၀၁၁ ခုနှစ်၊ မကွေးအက်ဖ်စီအသင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြောင်းလဲ ကျင်းပပြီးနောက် ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ချန်ပီယံဟောင်းအသင်းများ၏ တစ်ကျော့ပြန် ချန်ပီယံအိမ်မက် ပြန်လည်ထုဆစ်ပုံဖော်မည့် ဆီမီးဖိုင်နယ်ပွဲစဉ်များမှာ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။

၁၈-၉-၂၀၁၈
ရန်ကုန်ယူနိုက်တက်-မကွေးအက်ဖ်စီ(Y.U.S.C)-၃း၃၀
ဆုဖလား ၂ လုံး လမ်းကြောင်းပေါ် ရောက်ရှိနေသည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် မကွေးအသင်းကို ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဧည့်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရန်ကုန်အသင်းမှာ ကွာတားဖိုင်နယ်အဆင့်တွင် ဂျီအက်ဖ်အေအသင်းကို အလွတ်တကူဖြတ်ကျော် အနိုင်ရခဲ့သော်လည်း ဧည့်သည်မကွေးအသင်းမှာ ရှုံးထွက်ဖလား သုံးကြိမ်ရရှိဖူးသည့် ဧရာဝတီယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်အနိုင်ယူပြီးမှ ယခုအဆင့် တက်လှမ်းလာခြင်းဖြစ်သည်။ အမှတ်ပေးပြိုင်ပွဲ တွေ့ဆုံခဲ့ရာတွင် ပထမအကျော့တွင် မကွေးအသင်းက အနိုင်ရရှိပြီး ဒုတိယအကျော့တွင် ရန်ကုန်အသင်းက ပြန်လည် အနိုင်ရရှိထားသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါ တွေ့ဆုံသည့်အကြိမ်တိုင်း အကြိတ်အနယ်ရှိ၍ ယခုတစ်ကြိမ်တွင်လည်း ပိုမိုအကြိတ်အနယ်ရှိသည့် ပွဲစဉ်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

၁၉-၉-၂၀၁၈
ဟံသာဝတီယူနိုက်တက်-ရှမ်းယူနိုက်တက်(Grand Royal)-၃း၃၀
အမှတ်ပေးပြိုင်ပွဲတွင်ပါ ရလဒ်ကောင်း ရရှိပြီး ရာသီကုန်အဆင့် ၃ နေရာ မျှော်မှန်းခွင့် ရှိနေသည့် ဟံသာဝတီအသင်းအနေဖြင့် ရှုံးထွက်ဖလားကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်မည်လားဆိုသည်က စိတ်ဝင်စားစရာဖြစ်ပါသည်။ ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပထမအကျော့ကို ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် ပဲခူးမြို့၊ Grand Royal ကွင်းတွင် ရှမ်းအသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။ လတ်တလော အမှတ်ပေးပြိုင်ပွဲ တွေ့ဆုံမှုတွင် ရှမ်းအသင်းက နှစ်ကျော့စလုံး အနိုင်ရရှိထားသည်ကို တွေ့ရမည်ဖြစ်သည်။

သို့သော် ရှုံးထွက် ချန်ပီယံဆု ရယူနိုင်ရန် ပြန်လည်ကြိုးပမ်းလာမည့် အပြင် ပုံစံကောင်းပြသနေသည့် ဟံသာဝတီအသင်းနှင့် လက်ရှိချန်ပီယံ ဘွဲ့ ကာကွယ်ရန် ကြိုးပမ်းလာမည့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ ပရိသတ်အကြိုက် အကြိတ်အနယ် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိရန် အားထုတ်ကြိုးပမ်းမည့် ပြိုင်ပွဲဝင်အသင်းများ၏ ခြေစွမ်းအား လာမည့်အပတ်တွင် မြင်တွေ့ရမည်တော့မည်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုမှ အဓိက ပံ့ပိုးပေးထားပြီး ယခုကျင်းပမည့် ဆီးမီးဖိုင်နယ်ပွဲစဉ်များကို မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်လည်းဖြစ်ပါသည်။