ပွဲကျန်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာခဲ့သည့် ဟံသာဝတီယူနိုက်တက်

September 11, 2018

MPT Myanmar National League 2018 Week 13 ပွဲကျန် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့  ပွဲစဉ်တွင် ဟံသာဝတီအသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက် ပွဲစဉ်(၁၃) ပွဲကျန်ပွဲစဉ်ကို ပြီးခဲ့သည့်  ဇူလိုင်လ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ပထမပိုင်း ၄၅ မိနစ် အပြီး ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

ယနေ့ညနေပိုင်းတွင် ယင်းပွဲစဉ်အား ရန်ကုန်ယူနိုက်တက်အသင်းအိမ်ကွင်း၌ လက်ကျန် ၄၅ မိနစ်ကို ဆက်လက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဟံသာဝတီအသင်းက မာခ့်ဆာကီ၏ ၄၃ မိနစ်တွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ ယခုပွဲစဉ် အနိုင်ရရှိခဲ့သည့်အတွက်  ရမှတ် ၃၂ မှတ်ဖြင့် ရတနာပုံ၊ဇွဲကပင်ယူနိုက်တက်အသင်းတို့ကျော်ကာ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။

ယနေ့ပွဲတွင် ရန်ကုန်အသင်းမှာ  အိမ်ကွင်းနိုင်ပွဲရရှိရေး ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့ပြီး ဟံသာဝတီအသင်းကလည်း တန်ပြန်တိုက်စစ်ဖြင့် ရန်ကုန်အသင်းကို ရင်ဆိုင်ကစားခဲ့သည်။

ရန်ကုန်အသင်းသည် ၆၂ မိနစ်တွင် တိုက်စစ်မှူး ဆီလာ အပိုင်ကန်သွင်းခွင့် ရရှိခဲ့သော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့သည်။ ထို့အတူ ၇၉ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး စိုးမင်းနိုင် ညာခြေဖြင့် အပိုင်ကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် ဂိုးမရရှိခဲ့ပေ။

ပြိုင်ဘက် ဟံသာဝတီအသင်းမှာ ချေပဂိုးမပေးရရေးအတွက် ခံစစ်အားပြုကစားခဲ့ပြီး အသင်း၏ တန်ပြန်တိုက်စစ်များကလည်း ရန်ကုန်အသင်းဘက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ဂျိုးဇက်၊ မာ့ခ်ဆာကီတို့၏ တွဲလုံးများဖြင့် ဂိုးရရှိအောင်ကြိုးပမ်းကစားခဲ့ပြီး အခွင့်အရေးများ အသုံးမချနိုင်ခဲ့ခြင်းကြောင့်သာ ဂိုးထပ်မံ မရခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာ ယခုပွဲစဉ် အရေးနိမ့်ခဲ့သော်လည်း ပွဲစဉ်(၂၀)အပြီး ရမှတ် ၄၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်သည်။

ရန်ကုန်အသင်းမှာ လက်ကျန် ၂ ပွဲတွင် မြ၀တီအက်ဖ်စီ၊ဆောက်သမ်းမြန်မာအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာ လက်ကျန်ပွဲစဉ်များအဖြစ် ရတနာပုံအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းတို့နှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။