မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပနေသည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ဗိုလ်လုပွဲသို့ ရေးမြို့နယ်လူငယ်အသင်းနှင့် မော်လမြိုင်လူငယ်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြသည်။
ယနေ့ယှဉ်ပြိုင်ခဲ့သည့် အကြိုဗိုလ်လုပွဲစဉ်များတွင် မော်လမြိုင်အသင်းက သထုံ(All Stars)အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကျိုက်မရောအသင်းနှင့် ရေးအသင်းတို့ပွဲစဉ်တွင် ရေးလူငယ်အသင်းက စုစုပေါင်းရလဒ် ၆-၅ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့သည်။ ထိုပွဲစဉ်တွင် သာမန်ပွဲကစားချိန်နှင့် အချိန်ပိုအတွင်း နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ရေးအသင်းက ၄ ဂိုး ရရှိပြီး ကျိုက်မရောအသင်းက ၃ ဂိုးသာ သွင်းယူနိုင်သဖြင့် ရေးအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို စက်တင်ဘာ ၁၃ ရက်တွင် ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် သထုံ(All Stars)အသင်းနှင့် ကျိုက်မရောအသင်းတို့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ရေးလူငယ်အသင်း(နက်ပြာရောင်) နှင့် မော်လမြိုင်(အစိမ်းရောင်) အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အသင်းကို ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုအတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေ ၃ သိန်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
ထို့အတူ ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆုနှင့် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်သွားမည်လည်း ဖြစ်ပါသည်။
ပြိုင်ပွဲတွင် အများပြည်သူများ ၀င်ရောက်ကြည့်ရှုနိုင်ရန် ၀င်ကြေးအခမဲ့သတ်မှတ်ထားရာ မော်လမြိုင်ဒေသခံများ၊ ရပ်ဝေးရပ်နီးမှ ဘောလုံးဝါသနာရှင်များနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်းလည်း ဖိတ်ခေါ်အပ်ပါသည်။
တတိယနေရာလုပွဲ/ နံနက် ၈း၀၀
၁၃-၉-၂၀၁၈
သထုံ(All Stars) – ကျိုက်မရော
ဗိုလ်လုပွဲ/ ညနေ ၃း၀၀
ရေး-မော်လမြိုင်