မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲဝင် မြ၀တီအက်ဖ်စီသင်းမှ ကျောနံပါတ် (၁၂) မြင့်လွင်ဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ MPT Myanmar National League (U-19, U-21) 2018 ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၁) အရ အနီးစပ်ဆုံး ၁၀ ပွဲ ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက် ညနေပိုင်းက စလင်းကွင်း၌ ကျင်းပခဲ့သော MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၆) ဆောက်သမ်းမြန်မာ-မြ၀တီအက်ဖ်စီပွဲစဉ်တွင် ပွဲကစားချိန် ၂၇ မိနစ်အရောက်တွင် မြင့်လွင်ဦးမှာ ဥပဒေပ ကစားခဲ့သည့်အတွက် ဒိုင်လူကြီးမှ ပထမအကြိမ် အ၀ါကဒ်ပြ သတိပေးခံခဲ့ရသည်။
ထို့နောက် မိနစ် ၆၀ အရောက်တွင် မြ၀တီအက်ဖ်စီအသင်းဘက်သို့ ပြစ်ဒဏ်ဘောပေးသည်ကို မကျေနပ်သော ဟန်ပန်အမူအရာဖြင့် ၎င်းမှ ဒိုင်လူကြီးအား စောဒကတက်သဖြင့် ဒုတိယအကြိမ် အ၀ါကဒ် ပြသခံရပြီး ၂ ၀ါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထိုသို့ ထုတ်ပယ်ခဲ့ရသည်ကို မကျေနပ်သဖြင့် မြင့်လွင်ဦးမှ ကွင်းလယ်ဒိုင်အား လိုက်လံထိုးကြိတ်မှု ပြုလုပ်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ၁၁-၉-၂၀၁၈ ရက်တွင် အစည်းအဝေးပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိင်ပွဲကြီးကြပ်နှင့် ဒိုင်များ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုပြီး အထက်ပါကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ -၂၁ ပြိုင်ပွဲများ ပြီးဆုံးခဲ့ပြီဖြစ်ရာ ယင်းပြစ်ဒဏ်မှာ လာမည့်ဘောလုံးရာသီတွင် ဆက်လက်အကျုံးဝင်ကျခံရမည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေး ထုတ်ပြန်ချက်တွင် ပါရှိသည်။