လက်ကျန်နှစ်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ရတနာပုံအသင်း နည်းပြ ပြော

September 13, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ကျန်ပွဲစဉ်နှစ်ပွဲအဖြစ် ရတနာပုံအသင်းသည် ဟံသာဝတီ၊ စစ်ကိုင်းယူနိုက်တက်အသင်းတို့နှင့် ကစားရန် ရှိနေပြီး လက်ကျန်နှစ်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုးက ပြောခဲ့သည်။

ရတနာပုံအသင်းသည် (Week-21) ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၄ ရက်(မနက်ဖြန်) ညနေ ၃း၃၀ ၊ Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး (Week-22) နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၃ ရက်တွင် စစ်ကိုင်းယူနိုက်တက် အသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည်ဖြစ်သည်။ ” လက်ကျန်နှစ်ပွဲစလုံးက အသင်းအတွက် အရေးကြီးပါတယ်။ နှစ်ပွဲစလုံး မှာ ရလဒ်ကောင်းရယူနိုင်အောင် ကြိုးစားသွားမယ်။ မနက်ဖြန် ဟံသာဝတီနဲ့ပွဲမှာ လှိုင်းဘိုဘို၊ ရှိုင်းသူရ၊ နေမျိုးအောင်တို့ ပွဲပယ်ကြောင့် မပါ နိုင်ဘူးဆိုပေမယ့် ရှိတဲ့ ကစားသမားနဲ့ အကောင်းဆုံးဖြစ်အောင် ကစားသွားမှာပါ” ရတနာပုံအသင်းနည်းပြ ဦးအောင်ကျော်မိုးက ပြော ခဲ့သည်။

ရတနာပုံအသင်းကွင်းလယ်ကစားသမား လှိုင်းဘိုဘိုသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ပြစ်ဒဏ်အရ နောက်ဆုံးပွဲစဉ်ဖြစ် သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်ပါ ထပ်မံလွှဲချော်မည်ဖြစ်သည်။ ရတနာပုံအသင်းသည် စုစုပေါင်း ပွဲစဉ် ၂၀ ပွဲကစားအပြီးတွင် ရှစ်ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၃၀ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။