MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ(မွန်ပြည်နယ်ဇုန်)တွင် မော်လမြိုင်အသင်း ဗိုလ်စွဲ

September 13, 2018

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက်ချီးမြှင့်

=================
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် MPT U -14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မော်လမြိုင်လူငယ်အသင်း အနိုင်ရ ဗိုလ်စွဲပြီး တံခွန်စိုက်ဆုဖလားကြီးကို ရယူသွားနိုင်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ လမ်းညွန်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာအသင်းကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ဆောက်သမ်းမြန်မာအသင်းဒုတိယဥက္ကဌ ဦးအောင်ချမ်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ စပွန်ဆာ ကုမ္မဏီများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တကိရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ရေးလူငယ်အသင်းနှင့် မော်လမြိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မော်လမြိုင်လူငယ်အသင်းက ရေးလူငယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့ကြသည့် ဒိုင်လူကြီးများအား မွန်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်မှ အသိအမှတ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံးဆု ရရှိသူများနှင့် အသန့်ရှင်းဆုံးအသင်းဆုတို့ကို ဆက်လက်ချီးမြှင့်ခဲ့သည်။ ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် ရေးလူငယ်အသင်းမှ ကျောနံပါတ် ၁၀ စောစိုးမြင့်အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်နှင့် Business Manager ဦးဘိုဘိုလင်းတို့မှ လည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် မော်လမြိုင်အသင်းမှ ကျောနံပါတ် ၇ ချစ်ထူးအား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ကို ပရီမီယာဝဲလ်နက်စ် Branch Manager ဦးတေဇာဝင်းရွှေမှလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆု ရရှိသည့် သထုံခရိုင်အသင်းမှ ကျောနံပါတ် ၃ သန့်ဇင်ဦးအား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ကို မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်ကလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆု ရရှိသည့် ရေးလူငယ်အသင်းမှ ကျောနံပါတ် ၁ စောမင်းနိုင်စိုးအား ဆုတံဆိပ်နှင့်ဆုငွေကျပ် ၂၀၀၀၀ကို MPT Joint Operation ပြည်နယ်မန်နေဂျာ ဦးဇော်နိုင်လင်း၊ ဂိုးသွင်းအများဆုံးဆု ရရှိသည့် သထုံခရိုင်အသင်းမှ ကျောနံပါတ် ကျောနံပါတ် ၁၀ စစ်မင်းနိုင်အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ကို မွန်ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးကျော်မင်းအောင်မှလည်းကောင်း၊ အကောင်းဆုံး ကစားသမားဆု ရရှိသည့် သထုံခရိုင်အသင်းမှ ကျောနံပါတ် ၁၀ စစ်မင်းနိုင်အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၃၀၀၀၀ ကို MPT-KSGM Joint Operation မှ Department General Manager မစ္စတာဆွန်ဘတ်ကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ထို့နောက် အသန့်ရှင်းဆုံးအသင်းဆု ရရှိသည့် ရေးလူငယ်အသင်းအား ဆုကြေးငွေကျပ် ၂ သိန်း ချီးမြှင့်မှုကို ဆောက်သမ်းမြန်မာအသင်း ဒုတိယဥက္ကဌ ဦးအောင်ချမ်း၊ တတိယဆု ရရှိသည့် ကျိုက်မရောအသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ချီးမြှင့်မှုကို မွန်ပြည်နယ်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်နှင့် ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်ခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ ချီးမြှင့်ပေးခဲ့ကြသည်။

အလားတူ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ ပါတနာ MPT မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ရေးလူငယ်အသင်းအား တစ်ဦးချင်းငွေတံဆိပ် ချီးမြှင့်မှုကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှလည်းကောင်း၊ ဆုကြေးငွေကျပ် ၅ သိန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ယခုပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မော်လမြိုင်လူငယ်အသင်းအား မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ တစ်ဦးချင်းရွှေတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေ ကျပ် ၁၀ သိန်းကို မွန်ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်မှ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ထို့နောက် MPT မှ အဓိက ပံ့ပိုးပေးခဲ့သည့် ယခုပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန်အနိုင်ရ ဗိုလ်စွဲခဲ့သည့် ချန်ပီယံ မော်လမြိုင်လူငယ်အသင်းအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ တံခွန်စိုက်ဆုဖလားကြီးကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို မော်လမြိုင်အသင်း၊ ဒုတိယဆုကို ရေးလူငယ်အသင်းနှင့် တတိယဆုကို ကျိုက်မရောလူငယ်အသင်းတို့ ရရှိခဲ့ပြီး ပထမဆုကို ဆုဖလားနှင့် အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်အပါအ၀င် ဆုကြေးငွေ ၃ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အသန့်ရှင်းဆုံးအသင်းဆုနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့အခမ်းအနား၌ ချန်ပီယံဆု  ရရှိခဲ့သည့် မော်လမြိုင်အသင်းအား  ဆောက်သမ်းမြန်မာအသင်းမှ ဆောက်သမ်းမြန်မာအက်ဖ်စီအသင်း၏ ၂၀၁၉ ရာသီ အိမ်ကွင်းပွဲစဉ်များ ကြည့်ရှုခွင့်လက်မှတ်ကိုလည်း ပေးအပ်ခဲ့သည်။

မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ ပူပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိပါသည်။ ယခုအခါ မန္တလေး၊ မုံရွာ၊ ပဲခူးမြို့၊ မော်လမြိုင်မြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT တို့ ပူးပေါင်း၍ စစ်တွေ၊ ပုသိမ်၊တောင်ကြီးနှင့် ရန်ကုန်မြို့များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။