စစ်ကိုင်းယူနိုက်တက်နှင့်ပွဲတွင် ဆောက်သမ်းအသင်းမှ ပွဲထွက်ကစားသမားငါးဦး ပွဲပယ်ကြောင့် မပါဝင်နိုင်

September 15, 2018

ဆောက်သမ်းမြန်မာအသင်းသည် (Week-21) ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၆ ရက်၊ မော်လမြိုင်အိမ်ကွင်းတွင် စစ်ကိုင်းယူနိုက် တက်အသင်းနှင့်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ဆောက်သမ်းအသင်း၏ အဓိက ကစားသမားများဖြစ်ကြသည့် ကောင်းစည်သူ၊ ရန်နိုင်ထွေး၊ စိုးမြတ်သူ၊ ၀င်းဇင်ဦး၊ ထူးထူးအောင်စသည့် ကစားသမားများ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ဆောက်သမ်းအသင်း တိုက်စစ်မှူး ကောင်းစည်သူနှင့် ရန်နိုင်ထွေးတို့သည် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်အား လွှဲချော် မည်ဖြစ်သော်လည်း နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်မည်ဖြစ်သည်။ သို့သော် စိုးမြတ်သူ၊ ၀င်းဇင်ဦး၊ ထူးထူးအောင်တို့သည် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်အပြင် အသင်းနောက်ဆုံးကစားရမည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ကစားရမည့်ပွဲစဉ်ပါ ထပ်မံလွှဲချော်မည်ဖြစ်သည်။

ဆောက်သမ်းအသင်းသည် စုစုပေါင်း ပွဲစဉ် ၂၀ ပွဲ ကစားပြီးချိန်တွင် ခုနစ်ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ခုနစ်ပွဲ ရှုံး ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။ စက်တင်ဘာ ၁၆ ရက်၊ မော်လမြိုင်ကွင်းတွင် ဧည့်သည်အဖြစ် လာရောက်ကစားမည့်  စစ်ကိုင်း ယူနိုက်တက်အသင်းသည် စုစုပေါင်း ပွဲစဉ် ၂၀ ပွဲကစားပြီးချိန်တွင် ငါးပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ကိုးပွဲ ရှုံး ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်အတွင်းမှ GFA FC အသင်းနှင့် ရမှတ် တစ်မှတ်သာ ကွာဟနေသည်။