၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် သုဝဏ္ဏကွင်း၌ ကျင်းပမည့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ အားသာချက်တစ်ခုအဖြစ် ပုံဖော်နိုင်ခဲ့သော်လည်း မကွေးအသင်းအနေဖြင့် ဒုတိယအကျော့တွင် ရလဒ်ကောင်း ရရှိရေး ပိုမိုရုန်းကန်ရတော့မည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲစဉ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၈၀ အရောက်တွင် တိုက်စစ်မှူး ဆီလာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ၂ ရက်ခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် ညနေ ၃း၃၀ အချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပဲခူးမြို့၊ Grand Royal ကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဟံသာဝတီယူနိုက်တက်-ရှမ်းယူနိုက်တက်ပွဲစဉ်အား မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသွားမည့်အပြင် General Aung San Shield FB Page မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၂၆၊ ၂၇ ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။