ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်က ပဲခူးမြို့ Grand Royal Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁) ပွဲစဉ်၏ ပွဲချိန်၌ ကွင်းအတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့ကြသည့် ဟံသာဝတီ ယူနိုက်တက် အသင်း ပရိသတ်များ၏ အပြုအမူနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့သည်။
အဆိုပါပွဲ၏ ပွဲချိန်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဘက်ကစားသမားများ၏ အငြင်းပွားမှုများအပေါ် ဟံသာဝတီ ယူနိုက်တက် အသင်း ပရိသတ်များ အနေဖြင့် ခံစားချက် ပြင်းထန်ခဲ့ပြီး ကွင်းအတွင်းသို့ ရေဗူးများ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြ သဖြင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက် ၁၀း၀၀ နာရီတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး တာဝန်ကျဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်သည်။
- အိမ်ရှင် ဟံသာဝတီ ယူနိုက်တက် အသင်းအား MNL I & II Regulations 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် (၆) (က)၊ (ဆ) နှင့် (ဈ) တို့ကို ကျူးလွန်ခဲ့သဖြင့် စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် (၁၅) အရ ဒဏ်ကြေးငွေကျပ် (၁,၀၀၀,၀၀၀ိ/-) တစ်ဆယ်သိန်း ပေးဆောင်ရန်။