General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် တစ်ပွဲ အဖြစ် စက်တင်ဘာ ၁၉ ရက်(ယနေ့)တွင် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ Grand Royal ကွင်းတွင် ကစားမည်ဖြစ်ပြီး ဟံသာဝတီ ယူနိုက် တက်အသင်း တိုက်စစ်မှူး ဂျိုးဇက်သည် ပွဲပယ် ပြစ်ဒဏ်ကြောင့် ယနေ့ ကစားမည့်ပွဲစဉ်အား လွှဲချော်မည်ဖြစ်သည်။
တိုက်စစ်မှူး ဂျိုးဇက်သည် ဟံသာဝတီအသင်း၏ အားကိုးရသည့် ကစားသမားတစ်ဦးဖြစ်ပြီး အမှတ် ပေးပြိုင်ပွဲတွင်လည်း အသင်း အတွက် သွင်းဂိုး ၁၅ ဂိုးထိ သွင်းယူပေးထားသည်။ ရှမ်းအသင်းနှင့် ပွဲစဉ် တွင် ဟံသာဝတီအသင်း တိုက်စစ်မှူး ဂျိုးဇက်အပြင် ဗဟိုခံစစ်မှူး တစ်ဦးဖြစ်သည့် ကျော်နိုင်မြင့်သည် လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွှဲချော်မည်ဖြစ်သည်။ ဂျိုးဇက်သည် အ၀ါကတ် နှစ်ကြိမ် ပြသခံထားရ သည့်အတွက် နှစ်ဝါ တစ်ပွဲပယ် ပြစ်ဒဏ်အရ ပွဲပယ်ခံရခြင်းဖြစ်ပြီး ဗဟိုခံစစ်မှူးကျော်နိုင်မြင့်သည် နောက်ဆုံးကစားထားသည့်ပွဲတွင် တိုက်ရိုက်အနီကတ် ပြခံထားရသည့်အတွက် တစ်ပွဲ ပယ်ခံရခြင်းဖြစ်သည်။ အဆိုပါ ကစားသမားနှစ်ဦးစလုံးသည် စက်တင်ဘာ ၂၆ ရက်၊ တောင်ကြီးကွင်းတွင် ကစားမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်တွင် ပြန်လည်ပါဝင်မည်ဖြစ်သည်။
ဟံသာဝတီအသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် ယခုနှစ်အမှတ်ပေးပြိုင်ပွဲတွင် နှစ်ကြိမ်တွေ့ဆုံ ထားပြီး နှစ်ကြိမ်စလုံး ရှမ်းအသင်း အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက်(ယနေ့) ညနေ ၃း၃၀ ၊ ပဲခူးမြို့၊ Grand Royal Stadium တွင် ကစားမည့် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ရှုံးထွက်ပွဲစဉ်ကို မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး General Aung San Shield Facebook Page တွင် တိုက်ရိုက် Live Stream ကြည့်ရှုနိုင်မည်ဖြစ်သည်။