အိမ်ကွင်းတွင် ရှမ်းယူနိုက်တက်အသင်းအား သရေကစားခဲ့သည့် ဟံသာဝတီယူနိုက်တက်

September 19, 2018

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ၊ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၁၉ ရက်(ယနေ့) ညနေက Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ဂိုးမရှိ သရေ ကျခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် အိမ်ရှင်အသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ဟံသာဝတီအသင်း၏ နောက်ခံ လူများနှင့် ဂိုးသမားတို့၏ လက်စွမ်းပြမှုကြောင့် ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေကျနေခဲ့သည်။

အလားတူ ဒုတိယပိုင်းတွင်လည်း ရှမ်းအသင်းမှ ဖိအားပေးကစားခဲ့ပြီး ဟံသာဝတီအသင်းမှ ခံစစ်မှတစ်ဆင့် တန်ပြန်တိုက်စစ်ဖြင့် တုံ့ ပြန် ကစားခဲ့သည်။ ဟံသာဝတီအသင်းသည် ပထမပိုင်းတွင် ရှမ်းအသင်းဘက်သို့ ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုးမလုပ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ရှမ်းအသင်းဘက်သို့ တန်ပြန်တိုက်စစ်ဖြင့် ဖိအားပေးနိုင်ခဲ့သည်။ ပွဲပြီးဆုံးချိန်ထိ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိခဲ့သည့် အတွက် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။ ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ဒုတိယအကျော့ပွဲစဉ်ကို လာမည့် စက်တင်ဘာ ၂၆ ရက်၊ ညနေ ၃း၃၀၊ တောင်ကြီးကွင်းတွင် ထပ်မံကစားမည်ဖြစ်သည်။