MNL I

MPT Myanmar National League 2018 နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားအား စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်

By khtit

September 19, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည်  MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏  နောက်ဆုံးပွဲစဉ်နှင့်  ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားအား  စက်တင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန် နှင့်  တောင်ကြီးမြို့တွင် သက်ဆိုင်ရာပြိုင်ပွဲများအပြီး၌  ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင်  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆု ရယူနိုင်ရန် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲစဉ်များ အပြီးတွင်မှ  ချန်ပီယံအသင်း အဖြေ ထွက်ပေါ်လာမည်ဖြစ်သည်။

ပွဲစဉ်(၂၁)အပြီးတွင်  ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး  ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်လျက်ရှိသည်။

ပွဲစဉ်(၂၂) တွင်  ရန်ကုန်ယူနိုက်တက်အသင်းက  ဆောက်သမ်းမြန်မာအသင်းနှင့် အိမ်ကွင်း Y.U.S.C ကွင်း၌လည်းကောင်း၊  ရှမ်းယူနိုက်တက်အသင်းက မြ၀တီအက်ဖ်စီအသင်းနှင့် တောင်ကြီးကွင်း၌လည်းကောင်း ဧည့်ခံယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ထို့အပြင် အထက်ပါ ပွဲစဉ်များ၌  အငြင်းပွားမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  စက်တင်ဘာ ၂၃ ရက်၊ ညနေ ၃း၃၀ အချိန်တွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်လည်းဖြစ်ပါသည်။