MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်းသည် ယခင် နည်းပြချုပ် ဦးကျော်လွင်ကို နည်းပြချုပ်ရာထူးမှ ယာယီအနားပေးခဲ့ပြီး လက်ထောက်နည်းပြဖြစ်သည့် ဦးအောင်ခိုင်အား ယာယီနည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်း၏ ယာယီနည်းပြချုပ် ဖြစ်လာသည့် ဦးအောင်ခိုင်(၀ဲ)အစွန်
ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် လက်ကျန် နောက်ဆုံးပွဲစဉ် မကစားခင်တွင် ယခုကဲ့သို့ နည်းပြချုပ် အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် စုစုပေါင်း ပွဲစဉ် ၂၁ ပွဲကစားပြီးတွင် ရမှတ် ၂၉ မှတ်သာ ရရှိထားပြီး အဆင့် ၈ နေရာတွင် ရပ်တည် နေသည်။ ဧရာဝတီအသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၂၃ ရက်တွင် ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် အဝေး ကွင်းသွားရောက်ကစားရမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် ဟံသာဝတီအသင်းနှင့်ပွဲစဉ်အတွက် စက်တင်ဘာ ၂၁ ရက်(မနက်ဖြန်)တွင် ပဲခူးမြို့သို့ စတင်ထွက်ခွာမည်ဖြစ်သည်။
ဧရာဝတီယူနိုက်တက်အသင်း ကစားရမည့် ဟံသာဝတီအသင်းသည် လက်ရှိတွင် ရမှတ် ၃၃ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေ သည့်အသင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပထမအကျော့ အိမ်ကွင်းတွင် ဟံသ၀တီအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။