MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ၏ ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံး ဆုများကို ဧရာဝတီ ယူနိုက်တက် အသင်း တိုက်စစ်ကစားသမား သီဟဇော်နှင့် ဟံသာဝတီ ယူနိုက်တက် အသင်း နည်းပြချုပ် ဦးငွေထွန်းတို့က ရယူနိုင်ခဲ့သည်။
ဇူလိုင်လအတွက် အကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့သည့် သီဟဇော်၏ ဧရာဝတီ ယူနိုက်တက် အသင်းသည် ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် ၄ ပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး သီဟဇော် အနေဖြင့် အဆိုပါ ပွဲစဉ်များတွင် အသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အကောင်းဆုံးဆု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အကောင်းဆုံး နည်းပြဆု ရယူနိုင်ခဲ့သည့် ဦးငွေထွန်းမှာလည်း ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲများတွင် သူ၏ ဟံသာဝတီ အသင်းကို နိုင်ပွဲသုံးပွဲထိ ရယူပေးနိုင်ခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့သောကြောင့် ယခုကဲ့သို့ အကောင်းဆုံး နည်းပြဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်း တစ်လတာ အကောင်းဆုံးများ ပေးအပ်သည့် အခမ်းအနားကို ယနေ့ ကျင်းပသည့် ဟံသာဝတီ ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်တို့၏ ပွဲစဉ်မစတင်မီတွင် ပေးအပ်မှု ပဲခူးတိုင်းဒေသကြီး မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးစိုးက ဧရာဝတီ ယူနိုက်တက် တိုက်စစ်ကစားသမား သီဟဇော်ကို ဇူလိုင်လ အတွက် အကောင်းဆုံး ကစားသမား ဆု၊ ဟံသာဝတီ ယူနိုက်တက် အသင်း နည်းပြချုပ် ဦးငွေထွန်းကို ဇူလိုင်လအတွက် အကောင်းဆုံး နည်းပြဆုများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပွဲကြီးကြပ် ဦးကျော်မျိုးအောင်က အကောင်းဆုံး ကစားသမားဆုနှင့် နည်းပြဆုများ အတွက် ဆုကြေးငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။