ရန်ကုန်ယူနိုက်တက်အသင်း ငါးကြိမ်မြောက် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့
စက်တင်ဘာ ၂၃ ရက် ညနေ ၃း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ MPT Myanmar National League 2018 ပြိုင်ပွဲ ရာသီသိမ်း ပွဲစဉ်မှာ အိမ်ရှင် ရန်ကုန်ယူနိုက်တက် အသင်းက ဆောက်သမ်းမြန်မာ အသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းကို ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း YUSC ကွင်းအတွင်း ဆက်လက် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနဲ့ ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးပြည့်ဖြိုးတေဇ၊ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်ရဲ့ မိတ်ဖက်ဖြစ်တဲ့ MPT မှ COO of MPT-KSGM Joint Operations Mr. Benino၊ Deputy COO of MPT-KSGM Joint Operations ဦးနိုင်ကိုကိုနဲ့ CCO of MPT-KSGM Joint Operations Mr. Reizo Umeda တို့ တက်ရောက် ချီးမြှင့်ပေးခဲ့ ကြပါတယ်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က MPT Myanmar National League 2018 ဘောလုံးပြိုင်ပွဲ၊ ရန်ကုန်ယူနိုက်တက်နဲ့ ဆောက်သမ်းမြန်မာတို့ ပွဲစဉ်မှာ တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေး ခဲ့ကြတဲ့ ဒိုင်လူကြီးများကို အသိအမှတ်ပြု ဆုတံဆိပ် ချီးမြှင့်ပေးအပ် ခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနဲ့ ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးပြည့်ဖြိုးတေဇနဲ့ MPT မှ Deputy COO of MPT-KSGM Joint Operations ဦးနိုင်ကိုကိုတို့က MPT Myanmar National League 2018 ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းကို တစ်ဦးချင်း ရွှေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ MPT မှ COO of MPT-KSGM Joint Operations Mr. Benino တို့က ရန်ကုန်ယူနိုက်တက် အသင်းကို ချန်ပီယံ ဆုကြေးငွေ ကျပ်သိန်း ၁၀၀၀ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
ဆုပေးပွဲအခမ်းနားရဲ့ နောက်ဆုံး အစီအစဉ်မှာတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ မြန်မာနေရှင်နယ် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ ရန်ကုန်ယူနိုက်တက် အသင်းကို MPT Myanmar National League 2018 ချန်ပီယံ ဆုဖလားကြီး ပေးအပ် ချီးမြှင့် ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ငါးကြိမ်မြောက် ရရှိသွားတာ ဖြစ်ပြီး အကြိမ်အများဆုံး ရရှိတဲ့အသင်း ဖြစ်လာခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ် ကတည်းက စတင်ကျင်းပ လာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက် အသင်းက ငါးကြိမ်၊ ရတနာပုံ အသင်းက လေးကြိမ်နဲ့ ရှမ်းယူနိုက်တက် အသင်းက တစ်ကြိမ် ရရှိထား ပါတယ်။ MPT Myanmar National League 2018 ပြိုင်ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက် အသင်းက ချန်ပီယံ၊ ရှမ်းယူနိုက်တက် အသင်းက ဒုတိယနဲ့ ဇွဲကပင်ယူနိုက်တက် အသင်းက တတိယ ရရှိခဲ့ပြီး GFA နဲ့ မြဝတီအသင်း တွေကတော့ မြန်မာနေရှင်နယ်လိဂ်-၂ ကို တန်းဆင်းသွား ခဲ့ပါတယ်။