ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သည့် ဟံသာဝတီအသင်း တိုက်စစ်မှူး ဂျိုးဇက်

September 24, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ဟံသာဝတီ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဂျိုးဇက်က သွင်းဂိုး ၁၈ ဂိုးနှင့်အတူ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့သည်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ မတိုင်မီ (Week-21) ပွဲစဉ်များ အပြီးတွင် ရန်ကုန်အသင်းတိုက်စစ်မှူး ဆီလာက သွင်းဂိုး ၁၇ ဂိုးဖြင့် ဂိုးသွင်း အများဆုံးစာရင်း၌ ဦးဆောင်ထားခဲ့သည်။ သို့သော် (Week-22) နောက်ဆုံးအပတ် ပွဲစဉ်များအပြီး၌မူ တိုက်စစ်မှူး ဆီလာသည် ဂိုးထပ်မံ မရရှိခဲ့ဘဲ ဟံသာဝတီတိုက်စစ်မှူး ဂျိုးဇက်က ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲတွင် သွင်းဂိုး သုံးဂိုး ထပ်မံရခဲ့သည့်အတွက် ဆီလာအား ကျော်ဖြတ်ကာ သွင်းဂိုးအများဆုံး ကစား သမားဖြစ်သွားခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး ဂျိုးဇက်သည် ယခုနှစ်တွင် စီးတီး ရန်ကုန်အသင်းမှ ဟံသာဝတီအသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင်လည်း သွင်းဂိုး ၃၀ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိထားသူ တစ်ဦးဖြစ်သည်။

ဂိုးသွင်းအများဆုံး ပထမနေရာတွင် ဟံသာဝတီအသင်း တိုက်စစ်မှူး ဂျိုးဇက်က ၁၈ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယနေရာတွင် ရန်ကုန် ယူနိုက်တက်အသင်းတိုက်စစ်မှူး ဆီလာက သွင်းဂိုး ၁၇ ဂိုးဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၆ ဂိုးဖြင့်လည်းကောင်း၊ စတုထ္ထနေရာတွင် ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆန်းဒေးက သွင်းဂိုး ၁၄ ဂိုးဖြင့်လည်းကောင်း၊ ပဉ္စမနေရာတွင် ရတနာပုံအသင်း တိုက်စစ်မှူး ၀င်းနိုင်စိုးက သွင်းဂိုး ၁၁ ဂိုးဖြင့်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။

ဂိုးသွင်းအများဆုံး အဆင့် ၆ ၊ ၇ ၊ ၈ နေရာများတွင် ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်၊ မကွေးအသင်း တိုက်စစ်မှူး အောင်မြင့် ထွန်း၊ ဇွဲကပင်အသင်း တိုက်စစ်မှူး သန်းထက်အောင်တို့က သွင်းဂိုး ၁၀ ဂိုးစီဖြင့် အသီးသီးရပ်တည်နေကြသည်။ ဂိုးသွင်းအများဆုံး အဆင့် ၉ ၊ ၁၀ နေရာများတွင် ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ရန်ကုန်ကွင်းလယ်လူ မောင်မောင်လွင်တို့က သွင်းဂိုး ၉ ဂိုးစီဖြင့် ရပ်တည်ခဲ့ကြသည်။

ဂိုးသွင်းအများဆုံး ထိပ်ဆုံး ၁၀ ဦး စာရင်း

၁။ ဂျိုးဇက်(ဟံသာဝတီယူနိုက်တက်)        ၁၈ ဂိုး

၂။ ဆီလာ(ရန်ကုန်ယူနိုက်တက်)              ၁၇ ဂိုး

၃။ ပက်ထရစ်(ဧရာဝတီယူနိုက်တက်)       ၁၆ ဂိုး

၎။ ဆန်းဒေး(ရခိုင်ယူနိုက်တက်)                ၁၄ ဂိုး

၅။ ၀င်းနိုင်စိုး(ရတနာပုံအက်ဖ်စီ)                ၁၁ ဂိုး

၆။ စည်သူအောင်(ရတနာပုံအက်ဖ်စီ)        ၁၀ ဂိုး

၇။ အောင်မြင့်ထွန်း(မကွေးအက်ဖ်စီ)         ၁၀ ဂိုး

၈။ သန်းထက်အောင်(ဇွဲကပင်ယူနိုက်တက်) ၁၀ ဂိုး

၉။ ခရစ္စတိုဖာ(ရှမ်းယူနိုက်တက်)                ၉ ဂိုး

၁၀။ မောင်မောင်လွင်(ရန်ကုန်ယူနိုက်တက်)  ၉ ဂိုး