တစ်ချက်ကလေး တွေဝေလိုက်တာနဲ့ လက်ကလေးပြလို့ နှုတ်ဆက်လိုက်ရတော့မယ့် ရှုံးထွက်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေလာပြီ

September 24, 2018

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာ MPT Myanmar National League 2018 ရာသီက အောင်မြင်စွာ ကျင်းပပြီးစီး သွားခဲ့ပြီဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနေရှင်နယ်လိဂ်ရာသီက မိုးနှောင်း ဆောင်းဦးမှာ ဆောင်းခိုကူးသွားတာလို့ ဆိုရပါလိမ့်မယ်။

မြန်မာနေရှင်နယ်လိဂ် ရပ်ဝန်းက ဘောလုံးပရိသတ်တွေကို  ခဏတာ နှုတ်ဆက်သွားပေမယ့် ရှုံးထွက်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့၊ ထို့နောက် ဖိုင်နယ်ပွဲစဉ်တွေက ချစ်သော ပရိသတ်များထံ ဆက်လက်အသုံးတော်ခံဦးမှာပါ။ ဒါကြောင့် လှိုက်ဖိုမောရဦးမယ့် စက်တင်ဘာ နောက်ဆုံးပတ်ကို ရှုံးထွက်ပွဲစဉ်တွေနဲ့အတူ ဖြတ်သန်းခွင့် ရရှိဦးမှာပဲ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေက စက်တင်ဘာ ၂၆၊ ၂၇ ရက်တွေမှာ တောင်ကြီးကွင်းနဲ့ သုဝဏ္ဏကွင်းတို့မှာ ကျင်းပသွားမှာပါ။ ဒီအဆင့်ပြီးသွားရင်တော့  မြန်မာ့ဘောလုံးလောကအတွက် ဂုဏ်သိက္ခာကြီးမားသော၊ အသင်းတိုင်း လိုချင်တောင့်တမက်မောသော ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကြီးဆီ မျှော်လင့်ချက်ကိုယ်စီနဲ့ ချီတက်ခွင့်ရရှိတော့မှာပါ။ ဗိုလ်လုပွဲစဉ်ကတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအမည် ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ အောင်ဆန်းကွင်းကြီးမှာ ကျင်းပသွားမှာပါ။

ပထမအကျော့ ရလဒ်တွေအရ ဆီမီးဖိုင်နယ်ရောက်  အသင်းတွေဖြစ်တဲ့ ရှမ်း၊ ရန်ကုန်၊ မကွေး၊ ဟံသာဝတီ လေးသင်းထဲမှာ အသင်းတိုင်းက ဒီခရီးကို ဆက်လက်အကောင်အထည်ဖော်ခွင့် ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်  ဖိုင်နယ်ခရီးအတွက်တော့ ဒုတိယအကျော့ပွဲစဉ် မိနစ် ၉၀ အပြီးမှသာ အောင်လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းတိုင်းအတွက် ဆုံးဖြတ်ချက်တိုင်းက တိကျမှန်ကန်ဖို့လိုပြီး ကန်သွင်းချက်တိုင်းကလည်း အဆုံးသတ် သေချာနေရန် လိုအပ်ပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ရင်တော့ တစ်ချက်ကလေး တွေဝေမှုကြောင့် လက်ကလေးပြလို့ နှုတ်ဆက်လိုက်ရတော့မယ့်ကိန်းကိုသာ ဆိုက်ရပါလိမ့်မယ်။

၂၆-၉-၂၀၁၈/ ညနေ ၃း၀၀

ရှမ်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက်(တောင်ကြီး)

ပထမအကျော့ ပဲခူးကွင်းမှာ ဂိုးမရှိသရေလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ဒါကြောင့် ပထမအကျော့မှာ အဝေးဂိုး မရခဲ့တဲ့ ရှမ်းအသင်းအတွက်တော့ ဒုတိယအကျော့အိမ်ကွင်းမှာ အနည်းငယ် ရုန်းကန်ရဖွယ် ရှိနေပါတယ်။  ဟံသာဝတီအသင်းက ရှုံးထွက်ဖလားကို တစ်ကျော့ပြန် ဗိုလ်စွဲနိုင်ရေး ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီး အမှတ်ပေးနောက်ဆုံးပွဲစဉ်မှာလည်း ဧရာဝတီကို ၅-၀ ဆိုသော ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းဘုရင် တိုက်စစ်မှူး ဂျိုးဇက်ကလည်း ဂိုးမြူးနေတာတွေ့ရပါတယ်။ အိမ်ရှင်အသင်းက ပြီးခဲ့တဲ့ မြ၀တီအသင်းနဲ့ အမှတ်ပေးနောက်ဆုံးပွဲစဉ်မှာ အဓိက ကစားသမားအချို့ကို အရန်ခုံမှာသာ ထားကစားခဲ့တာ တွေ့ရပြီး ယခုပွဲအတွက် ကြိုတင်ပြင်ဆင်ထားဟန် ရှိနေပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာလည်း ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ခြင်း မရှိလို့  ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကိုသာ ဆက်လက်ရယူနိုင်ရေး အားထုတ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့်  တောင်ပေါ်မြေက ရှမ်း-ဟံသာဝတီပွဲစဉ်က ပရိသတ်တွေ ရင်တမမနဲ့ စောင့်ကြည့်ရင်ခုန်သွားရမယ့် ပွဲစဉ်လို့ ညွှန်းဆိုလိုက်ပါရစေ…။  ဒါ့အပြင် ဒီပွဲစဉ်ကို မူလက ညနေ ၃း၃၀ အချိန်မှာ ကစားဖို့ သတ်မှတ်ခဲ့ပေမယ့် တောင်ကြီးမြို့ရဲ့ ရာသီဥတုအခြေအနေကြောင့်  နာရီဝက်စောပြီး ညနေ ၃း၀၀ နာရီအချိန်တွင် ကစားသွားမှာဖြစ်ပါတယ်။

၂၇-၉-၂၀၁၈/ ညနေ ၄း၀၀

မကွေးအက်ဖ်စီ-ရန်ကုန်ယူနိုက်တက်(သုဝဏ္ဏ)

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးက ၂၀၁၆ ရာသီမှာ မကွေးတိုင်းမှာ ခိုနားခဲ့ဖူးပါတယ်။ ဒါပေမယ့် ထပ်မံခိုးနားခွင့်ကိုတော့ မကွေးအသင်းကို မပေးခဲ့ပါဘူး။ လက်ရှိ ဒိုင်းဆုကြီးကို မကွေးအသင်းနည်းတူ ပူပူနွေးနွေး ၂၀၁၈ MPT မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ရယူဖို့ စိုင်းပြင်းနေတာ တွေ့ရပါတယ်။ ဒါဟာ အမှတ်ပေးပြိုင်ပွဲ ချန်ပီယံသာမက ရှုံးထွက်ပြိုင်ပွဲမှာပါ ဗိုလ်စွဲနိုင်ဖို့  ရန်ကုန်အသင်းက ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ တွေ့ဆုံမှုမှာ ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပြီး ဒုတိယအကျော့မှာတော့ ပိုမိုအကြိတ်အနယ်ရှိမယ့် အခြေအနေကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် မာဂုဏ်မြောက် မကွေးအသင်းက ရန်ကုန်နဲ့တွေ့တိုင်း ခြေစွမ်းကောင်းလေ့ရှိပြီး ရန်ကုန်အသင်းကလည်း သူတို့အသင်းရဲ့ အိမ်မက်ကို အပွန်းအပဲ့မခံလိုတာကြောင့်  မမှိတ်မသုန် စောင့်မျှော်ကြည့်ရှုရမယ့် ပွဲစဉ်အဖြစ်  ကင်ပွန်းတပ်ပေးလိုက်ပါရစေ…။