မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်တို့ပွဲစဉ် ပွဲကစားချိန်အား မူလသတ်မှတ်ထားသည့် ပွဲချိန်အတိုင်းသာ ကစားမည်
General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၂၆၊ ၂၇ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ကစားမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်အား ပွဲကစားချိန် နာရီဝက် စောကစားမည်ဖြစ်သော်လည်း သုဝဏ္ဏကွင်း၌ ကစားမည့် မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ် အား မူလသတ်မှတ်ထားသည့် အချိန်အတိုင်းသာ ဆက်လက်ကစားမည်ဖြစ်သည်။
အစောပိုင်းက စက်တင်ဘာ ၂၆ ရက်၊ တောင်ကြီးကွင်းတွင် ကစားမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို ညနေ ၃း၃၀ တွင် ကစားရန် စီစဉ်ထားသော်လည်း ယခုအခါတွင် ညနေ ၃း၀၀ နာရီသို့ ရှေ့တိုးကစားမည်ဖြစ် သည်။ တောင်ကြီးမြို့၏ လက်ရှိ ရာသီဥတုအခြေအနေသည် အမှောင်စောလာသည့်အပြင် အဆိုပါကွင်း၌ မီးဆိုင်းများ မရှိသည့်အတွက် ယခုကဲ့သို့ ပွဲကစားချိန် နာရီဝက် စောကစားရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က Grand Royal ကွင်း တွင် ကစားခဲ့သည့် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပထမအကျော့တွေ့ဆုံမှုတွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားသည်။
စက်တင်ဘာ ၂၇ ရက်၊ သုဝဏ္ဏကွင်း၌ ကစားမည့် မကွေးအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲကစားချိန်သည် မူလ သတ်မှတ်ထားသည့် ညနေ ၄း၀၀ နာရီ၌သာ ကစားမည်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က YUSC ကွင်းတွင် ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထား သည်။
စက်တင်ဘာ ၂၆ ရက်၊ ညနေ ၃း၀၀ ၊ တောင်ကြီးကွင်းတွင် ကစားမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ၏ ရှုံးထွက် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး General Aung San Shield Facebook Page မှ တိုက်ရိုက် Live Stream ကြည့်ရှုနိုင်မည်ဖြစ်သည်။ အလားတူ စက်တင်ဘာ ၂၇ ရက်၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း၌ ကစားမည့် မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်ကို မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး General Aung San Shield Facebook Page မှ တိုက်ရိုက် Live Stream ကြည့်ရှုနိုင်မည်ဖြစ်သည်။