ရန်ကုန်နှင့် ဒုတိယအကျော့ ပွဲတွင် ကစားသမားများ၏ အာရုံစူးစိုက်မှု အကောင်းဆုံး အနေအထားတွင် ရှိနေမည်ဟု မကွေးနည်းပြချုပ် ပြောကြား

September 26, 2018

လာမည့် စက်တင်ဘာ ၂၇ ရက် ညနေ ၄း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်၌ မိမိကစားသမားများ အနေဖြင့် အာရုံစူးစိုက်မှု အကောင်းဆုံး အနေအထားတွင် ရှိနေမည် ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်ကို အနိုင်ရရှိရေး အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မကွေးအသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက ပြောကြားသည်။

မကွေးအသင်း၏ လူငယ် ကစားသမားများ

မကွေးအသင်း အနေဖြင့် လူငယ်ကစားသမားကောင်းများ ပိုင်ဆိုင်ထားသည့် အသင်းကောင်း တစ်သင်းအဖြစ် မှတ်ကျောက်တင်ပြီး ဖြစ်သော်လည်း ဒုတိယရာသီဝက် ပွဲများတွင် ပုံစံကောင်းများ ပျောက်ဆုံးနေခဲ့ရာ ဦးအောင်ဇော်မျိုးက ကစားသမားများ၏ အာရုံစူးစိုက်မှု အပိုင်းတွင် လျော့နည်းမှုများ ရှိနေခဲ့ကြောင်း ဆိုခဲ့ပြီး လာမည့် ရန်ကုန်နှင့် ပွဲတွင် ထိုသို့အဖြစ်မျိုး ရှိမည်မဟုတ်ဘဲ တစ်ပွဲလုံး အာရုံစူးစိုက်မှု အပြည့်နှင့် အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့် ကစားသမားတွေက တစ်ခါတစ်ခါ အာရုံစူးစိုက်မှု လျော့လျော့ သွားတတ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့မှာ ရလဒ်တစ်ချို့ ယိမ်းယိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ရန်ကုန်နဲ့ ပွဲမှာတော့ ကျွန်တော့်အသင်းသားတွေရဲ့ အာရုံစူးစိုက်မှုက အကောင်းဆုံး အနေအထားမှာ ရှိနေမှာဖြစ်ပြီး ရန်ကုန်ကို အကောင်းဆုံး ယှဉ်ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မကွေးအသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းက ဆက်လက်၍ “ရန်ကုန်နဲ့ ပွဲမှာ ကျွန်တော်တို့ မကွေးအသင်း အနေနဲ့ လုံးဝဂိုးထပ်ပေးလို့ မရတော့ပါဘူး။ ဒါပေမဲ့ ဂိုးမရရင် နောက်တစ်ဆင့် တက်နိုင်မှာ မဟုတ်တာကြောင့် ဂိုးစောစော ရရှိဖို့အတွက် တိုက်စစ်ကစားသွားမှာပါ။ ဒီလိုပြောလို့ ခံစစ်ပိုင်းကို လွှတ်ထားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုက်စစ်၊ ခံစစ် မျှတအောင် ကစားမှာ ဖြစ်ပြီး ဂိုးတွေ ရရှိဖို့ကတော့ အဓိက ပစ်မှတ်ပါ”ဟု ပြောကြားခဲ့သည်။

မကွေးအသင်းသည် ယခုနှစ် ၂၀၁၈ MPT မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ရာသီသိမ်းချိန်တွင် အဆင့် ၇ ၌သာ ရပ်တည်နိုင်ခဲ့သည်။