General Aung San Shield

မကွေးနှင့် ပွဲတွင် အနိုင်ရလဒ်ကိုသာ ဦးတည် ကစားမည်ဟု ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ပြောကြား

By khtit

September 26, 2018

မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ဒုတိယအကျော့ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် သရေရလဒ် ရရှိယုံဖြင့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း အဆိုပါ ပွဲတွင် သရေရလဒ် ရရှိရေး ဦးတည် ကစားမည် မဟုတ်ဘဲ အနိုင်ရလဒ် အတွက်သာ အားထုတ် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

ရန်ကုန်နှင့် မကွေးတို့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် တွေ့ဆုံခဲ့ရာ ရန်ကုန်က ပွဲချိန်မိနစ် ၈၀ အရောက်တွင် တိုက်စစ်မှူး ဆီလာ သွင်းယူပေးသည့် သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရထားခဲ့သည်။

ဦးမျိုးမင်းထွန်းက “ဒီပွဲနဲ့ ပတ်သက်ပြီး အဓိက ရည်ရွယ်ချက်က ဗိုလ်လုပွဲကို တက်နိုင်ဖို့ပါ။ သရေဆိုလည်း ဗိုလ်လုပွဲ တက်နိုင်မှာ ဖြစ်ပေမယ့် ကျွန်တော့်အသင်းက သရေအတွက် ကစားမှာ မဟုတ်ပါဘူး။ အနိုင်ရလဒ် ရရှိသွားဖို့ကိုပဲ ဦးတည်ပြီး ကစားသွားမှာပါ။ မကွေးက တောင့်တင်းတဲ့ နည်းပြအဖွဲ့ ရှိသလို လူငယ်ကစားသမားကောင်းတွေလည်း ရှိပါတယ်။ အသင်းကောင်းတစ်သင်း ဖြစ်တဲ့ အတွက်ကြောင့် သူတို့ကိုလည်း လေးစားမှု အပြည့်ရှိပါတယ်။ ဒီရာသီ မြန်မာနေရှင်နယ်လိဂ် ဖလားကို ရရှိထားပြီး ဖြစ်ပေမယ့် ဒီိဒိုင်းဆုကြီးကိုလည်း ကျွန်တော်တို့ လက်လျော့မှာ မဟုတ်ပါဘူး။ အဓိက ဆုဖလား နှစ်ခုစလုံးကို ရယူနိုင်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်နှင့် မကွေးအသင်းတို့၏ ပွဲစဉ်ကို လာမည့် စက်တင်ဘာ ၂၇ ရက် ညနေ ၄း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းကြီး၌ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ပွဲစဉ်ကို MWD Variety နှင့် MWD Music ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်သွားမည့် အပြင် General Aung San Shield Facebook Page မှလည်း တိုက်ရိုက် ပြသသွားမည် ဖြစ်သည်။