မကွေးအသင်းကို သရေကစားကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည့် ရန်ကုန်ယူနိုက်တက်

September 27, 2018

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၂၇ ရက်(ယနေ့) ညနေ ၄း၀၀ ၊ သုဝဏ္ဏကွင်းတွင် မကွေးအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ နှစ်ဂိုးစီ သရေကျခဲ့ပြီး ရန်ကုန်အသင်းက နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ခဲ့သည်။

ပထမပိုင်း စစချင်း ငါးမိနစ်တွင် ရန်ကုန်အသင်းမှ တောင်ပံကစားသမား မောင်မောင်လွင်က အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့သည်။ မကွေး အသင်း ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ချေပဂိုးပြန်လည်ရရှိရန် ဖိအားပေးကစားခဲ့ပြီး ၂၃ မိနစ်တွင် အောင်မြင့်ထွန်းက ချေပဂိုး သွင်းပေး ခဲ့သည်။ ပထမချေပဂိုးအပြီး နှစ်မိနစ်အကြာတွင် မကွေးအသင်းမှပဲ ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး မောင်မောင်စိုးက သွင်းယူပေးခဲ့ သည်။ ပထမပိုင်းအပြီးတွင် မကွေးအသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် မကွေးအသင်းမှ ရန်ကုန်အသင်းကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ရန်ကုန်အသင်းမှလဲ ပထမပိုင်း အားနည်းချက်များ ပြန်လည်ပြုပြင် ကစားခဲ့သည့်အတွက် ပွဲစဉ်သည် ပိုမိုအကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် မကွေးအသင်းမှ ပင်နယ်တီရရှိခဲ့သော်လည်း ဆက်ဖြိုးဝေ၏ ပင်နယ်တီကန်သွင်းမှုကို ဂိုးသမား ကျော်ဇင်ထက် ကာကွယ်သွားခဲ့သည်။ ရန်ကုန်အသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် တိုက်စစ်မှူး အီမန်နူရယ်က သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းသည် ပထမအကျော့တွင် မကွေးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဒုတိယအကျော့တွင် နှစ်ဂိုးစီ သရေကျခဲ့သည်။ ထို့ကြောင့် ရန်ကုန်ယူနိုက်တက် အသင်းသည် နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ဗိုလ်လုပွဲတွင် ဟံသာဝတီ အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါ ဗိုလ်လုပွဲကို လာမည့် စက်တင်ဘာ ၃၀ ရက်၊ ညနေ ၃း၃၀၊ အောင်ဆန်းကွင်းတွင် ကျင်းပမည်ဖြစ်သည်။