MPT Myanmar National League အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်လျှက် ရှိသည့် ဒိုင်လူကြီးများအား လူမှုကွန်ယက်တွင် မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ပုတ်ခတ်ရေးသားခဲ့သည့် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မာယန်ဆက်ကူလော့ဗ်စကီးကို ၎င်း၏ အပြုအမူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
ရှမ်းယူနိုက်တက် အသင်း နည်းပြချုပ် မာယန်သည် ၂၀၁၈ အမှတ်ပေးချန်ပီယံဆုဖလားကို ရမှတ် ၁ မှတ်အကွာဖြင့် ပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းအား လွှဲပြောင်းပေးခဲ့ရခြင်း အပေါ် ဒိုင်များကို စွပ်စွဲပုတ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် ယမန်နေ့ စက်တင်ဘာ ၂၇ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အောက်ပါအတိုင်း အရေးယူမှု ပြုလုပ်ခဲ့သည်။
– ရှမ်းယူနိုက်တက် အသင်း နည်းပြချုပ် မစ္စတာ မာယန် ဆက်ကူလော့ဗ်စကီးသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်း အပိုင်း(၁) Competition Regulations အပိုဒ် (၆-ဌ) (၇-ဂ)နှင့် အပိုင်း (၃) Media Regulations အပိုဒ် (၅-င) (၅-စ) တို့ကို ကျူးလွန်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၈) ပါ တည်ဆဲ ဥပဒေများနှင့်အညီ လာမည့် ဘောလုံးရာသီတွင် အနီးစပ်ဆုံး (၃)ပွဲ ကွင်းအတွင်း ဝင်ရောက် ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်သုံးသိန်း (၃၀၀,၀၀၀ိ/-) ပေးဆောင်ရန်။