ရန်ကုန်ယူနိုက်တက်အသင်းနှင့်. ဟံသာာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည့် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကြီး

September 28, 2018

မြန်မာ့ဘောလုံးလောကတွင် သက်တမ်းအရင့်ဆုံးနှင့် ဂုဏ်သိက္ခာအမြင့်မားဆုံး ဒိုင်းဆုကြီးဖြစ်သည့် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကြီးကို ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း၌ ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်သွားတော့မည်ဖြစ်သည်။

MPT Myanmar National League 2018 ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဆင့်လေးနေရာက ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည့် ယခုပွဲစဉ်အား စက်တင်ဘာ ၃၀ ရက်၊ ညနေ ၃း၃၀ အချိန်တွင် ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၁ ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှာ အကြိုဗိုလ်လုပွဲအဆင့်တွင် မကွေးအက်ဖ်စီအသင်းအား နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

လက်ရှိတွင် သမိုင်းဝင် အောင်ဆန်းကွင်းထဲက ထိုပွဲစဉ်အတွက် နှစ်သင်းစလုံးက ပြင်ဆင်မှုများ ကိုယ်စီ ပြုလုပ်နေကြပြီလည်းဖြစ်သည်။ လူငယ်နည်းပြ ဦးမျိုးမင်းထွန်း တာဝန်ယူကိုင်တွယ်နေသည့် ရန်ကုန်အသင်းမှာ ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုလျင် တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ရရှိသည့် စံချိန်မှတ်တမ်းကောင်းကို ရေးထိုးသွားနိုင်မည်ဖြစ်သည်။

“လက်ရှိမှာ အမှတ်ပေးဆုဖလားကို ကျွန်တော်တို့အသင်း ရယူထားနိုင်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ အိမ်မက်က ဆုံးခန်းမတိုင်သေးပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးကိုပါ ရယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ” ဟု ၂၀၁၈ ကွင်းဖွင့်ဖလား(ချာရတီဒိုင်းဆု)ကိုပါ ရယူထားနိုင်ခဲ့သည့် ဦးမျိုးမင်းထွန်းကပြောသည်။

အဆိုပါ နှစ်သင်းမှာ ယခုနှစ် အမှတ်ပေးပြိုင်ပွဲတွင် တွေ့ဆုံခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ပထမအကျော့တွင် အနိုင်ရရှိပြီး ဟံသာဝတီယူနိုက်တက်အသင်းက ဒုတိယအကျော့ ရန်ကုန်ကွင်းတွင် ပြန်လည် အနိုင်ရရှိထားသည်။

“ဟံသာဝတီယူနိုက်တက်အသင်းက ဒီနှစ်မှာ ခြေစွမ်းတက်လာတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ တိုက်စစ်ပိုင်းက ဂျိုးဇက်နဲ့ မာ့ခ်ဆာကီဆိုလည်း အတွဲအဖက်မိမိနဲ့ ဂိုးတွေသွင်းယူနေတယ်။ ဒါပေမယ့် ကျွန်တော့်အသင်းသားတွေ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားနိုင်မှာပါ” ဟု ပြိုင်ဘက်အသင်းနှင့် ပတ်သက်၍ ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဟံသာဝတီယူနိုက်တက်အသင်းမှာ ရှုံးထွက်ဆုဖလားကို ၂၀၁၀ တွင် ရယူထားနိုင်ခဲ့သည့်အသင်းဖြစ်သည်။ ထို့ကြောင့် ရှစ်နှစ်အကြာတွင်မှ ရှုံးထွက်ဖလားဗိုလ်လုပွဲသို့ ပြန်လည်ရောက်ပြီး အောင်မြင်မှု ရယူနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဟံသာဝတီအသင်းမှာ ယခုနှစ် MPT Myanmar National League ပြိုင်ပွဲ၌လည်း ပုံစံကောင်းပြကာ အသင်းသမိုင်းတစ်လျောက် အမြင့်ဆုံးမှတ်တမ်းတစ်ခုအဖြစ် အဆင့်လေးနေရာ ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရသည်။

“အားလုံး စုစည်းညီညွတ်မှုနဲ့ ဒီရာသီမှာ ကျွန်တော်တို့အသင်း မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါပြီ။ အသင်းပိုင်ရှင်ရဲ့ ပံ့ပိုးပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ အုပ်ချုပ်/နည်းပြတွေရယ်၊ ကစားသမားတွေရယ် အတူတကွ ပူးပေါင်းကြိုးစားခဲ့လို့သာ ဒီအဆင့်ကို ရောက်လာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးကို ရယူသွားနိုင်ဖို့ အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာပါ” ဟု ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးငွေထွန်းက ပြောသည်။

ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ အမည်ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအမည်ပြောင်းလဲကျင်းပပြီးနောက်ပိုင်း ၂၀၁၅ တွင် ဧရာဝတီယူနိုက်တက်၊ ၂၀၁၆ တွင် မကွေးအက်ဖ်စီ၊ ၂၀၁၇ တွင် ရှမ်းယူနိုက်တက်အသင်းတို့ ရယူနိုင်ခဲ့ကြသည်။

တပ်မတော် ကြည်း၊ရေ၊လေမှ အဓိက ကူညီပံ့ပိုးပေးထားသည့် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသပေးသွားမည့်အပြင် My Sports FBနှင့် General Aung San Shield FB တို့မှ ပါ တိုက်ရိုက် Live Stream ပြသပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် ယခုနှစ်ပြိုင်ပွဲတွင် ဒိုင်းဆုကြီးအား ဆွတ်ခူးရယူသွားနိုင်မည့်အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းလား… ဟံသာဝတီယူနိုက်တက်အသင်းလားဆိုသည်ကို စောင့်ကြည့်ရင်ခုန်သွားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် လာရောက်အားပေးကြည့်ရှုကြမည့် ပရိသတ်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Canon EOS M6 ကင်မရာ ၁ လုံးနှင့် ၂၀၁၉ ရာသီအတွင်း မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ အခမဲ့ဝင်ရောက်ကြည့်ရှုခွင့် လက်မှတ်များကို ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။