ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ ဦးဆောင်လမ်းညွန်မှု၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် စစ်တွေမြို့၌ ကျင်းပမည့် MFF-MPT Grassroots Football Festival 2018 (Sittwe) အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် Grassroots Coaching Course(လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်း) ကို စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းတွင် ယနေ့ စတင် ဖွင့်လှစ်ခဲ့သည်။
၂ ရက်ကြာဖွင့်လှစ်သင်ကြားမည့် အဆိုပါ သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကာယဆရာ/ ဆရာမများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ သင်တန်းသားများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သင်တန်းသားများနှင့် ဘောလုံးအားကစားဝါသနာရှင်များ အပါအဝင် စုစုပေါင်း သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွန့်ကိုမှ စာတွေ့ လက်တွေ့ သင်ခန်းစာများအား ပို့ ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းသားများ အနေဖြင့် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ရခိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် ဝေသာလီကွင်း၌ ကျင်းပမည့် MFF-MPT Grassroots Football Festival 2018 (Sittwe) တွင် နည်းပြများအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကာ လာမည့် နှစ်များတွင် ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots ဘောလုံးပွဲတော်များတွင်လည်း ဆက်လက်တာဝန်ယူသွားကြမည်ဖြစ်သည်။
ထို့ ပြင် သက်ဆိုင်ရာ မိမိတို့ ဒေသများ၌ ဘောလုံးပညာရပ်များအပြင် Grassroots ဘောလုံးပွဲတော်ငယ်များဖော်ဆောင်ရာ၌ ပြန်လည်အသုံးချနိုင်ရန် Event, Sponsorship & Marketing Management ဘာသာရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည့်အပြင် ပြည်နယ်တစ်ခုလုံးမှ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် Sponsorship Project Director ဦးသိုက်စံထွန်းက ပြောသည်။
သင်တန်းသားများ အနေဖြင့် အဆိုပါ နှစ်ရက်တာ ကာလအတွင်း Grassroots အဆင့် အခြေခံ ဘောလုံးပညာ သင်တန်းအပြင် ကလေးများအတွက် လူမှုဆက်ဆံရေးနှင့် ပူးပေါင်း လုပ်ဆောင်မှုများတွင် အထောက်အကူ များစွာဖြစ်စေမည့် Grassroots သင်ခန်းစာများကို သင်ယူ ကြရမည် ဖြစ်သည်။
MFF-MPT Grassroots Football Festival 2018 (Sittwe) ပွဲတော်နှင့်အတူ MPT U-14 Football Tournament 2018 (Sittwe) ၏ ဖွင့်ပွဲအခမ်းအနားကိုပါ တစ်ဆက်တည်း ပြုလုပ်မည် ဖြစ်သည်။
MPT U-14 Football Tournament 2018 (Sittwe) အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာ့ဘောလုံးအားကစား ဖွံ့ ဖြိုးတိုးတက်ရေးအတွက် Grassroots ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပလျက်ရှိရာ စစ်တွေမြို့တွင် ကျင်းပသွားမည့်ပြိုင်ပွဲမှာ ယခုနှစ်အတွင်း ၅ ခုမြောက်ပြိုင်ပွဲလည်းဖြစ်သည်။ ယင်းမတိုင်မီ မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်မြို့ များ၌ ကျင်းပခဲ့ပြီဖြစ်ပြီး ဆက်လက်ပြီး ပုသိမ်၊ တောင်ကြီးနှင့် ရန်ကုန်မြို့ များ၌ ကျင်းပသွားမည်ဖြစ်သည်။
#MFFMPTGrassrootsFestival2018
#Sittwe
#GrassrootsCoachingCourse
#MPTU14FootballTournament