MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား စစ်တွေမြို့၌ ကျင်းပပြုလုပ်

September 30, 2018

MFF-MNL-MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(စစ်တွေ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက စစ်တွေမြို့ရှိ၊ ဝေသာလီအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အထူးစီမံကိန်းတစ်ရပ်အနေဖြင့် ဖော်ဆောင်လျက်ရှိသည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသားနှင့် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးဆူးအောင်၊ MPT- KSGM Joint Operations မှ Deputy Chief Commercial Officer ဦးသိန်းဟုတ်နှင့် MPT မှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအတွက် ပံ့ပိုးပေးကြသည့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ဘောလုံးသမားဟောင်းများ၊ သတင်းမီဒီယာများ၊ အားကစားဝါသနာရှင်ပရိသတ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကားပြောကြားရာတွင် “ မြန်မာဘောလုံးလောကဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့ လူငယ်ဘောလုံးပွဲတော်တွေ အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ယနေ့ ရခိုင်ပြည်နယ်မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ပူးပေါင်းကာ ယခုနှစ်မှ စတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု မှာ Pilot Project(အထူးစီမံကိန်းတစ်ရပ်)အနေဖြင့် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ လူငယ်ဘောလုံးပွဲတော်အပြင် ယူ ၁၄ ဘောလုံးပြိုင်ပွဲမှာ ရခိုင်ပြည်နယ်အနှံ့အပြားမှ အသင်းများ ကိုယ်စားပြု ပါဝင်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အချိန်များစွာပေးပြီး ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြလို့ ယခုလိုကျင်းပနိုင်တာဖြစ်ပါတယ်။ ဘောလုံးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ယခုကဲ့သို့ပြိုင်ပွဲများအား တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်လို့ မြန်မာ့ဘောလုံးဖွံ့ဖြိုးလာမယ့် အခြေအနေတစ်ရပ်အတွက် ၀မ်းမြောက်စွာ ကြိုဆိုသွားရမှာဖြစ်ပါတယ်။ လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းအားဖြင့် လူငယ်များကြားမှာ ဘောလုံးအားကစားကို ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။ ဒါအပြင် ကျန်းမာရေးနဲ့ ဥာဏ်ရည်မြင့်မားမှုကို အထောက်အကူပြုလာစေမှာလည်း ဖြစ်ပါတယ်။ ဒီကနေမှတစ်ဆင့် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အဆင့်ဆင့်အတွက် အားထားရတဲ့ ဘောလုံးသမားလေးတွေ ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ မြန်မာ့ဘောလုံး ရွှေခေတ်တစ်ဖန် ပြန်လည်ရောက်ရှိရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကို သက်ဆိုင်ရာစပွန်ဆာကုမ္ပဏီများ၏ ပံ့ပိုးမှုနဲ့ ကျင်းပလာတာတွေ့ရမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဘောလုံးအခြေခံနည်းစနစ်တွေနဲ့ ဘောလုံးဥပဒေတွေကို စနစ်တကျလိုက်နာပြီး နိုင်ငံအတွက်အားထားရတဲ့ ဘောလုံးသမားလေးတွေ ဖြစ်လာစေဖို့ ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒါအပြင် ယခုလူငယ်ဘောလုံးပြိုင်ပွဲမှတစ်ဆင့် စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ထူးချွန်ထက်မြက်တဲ့ ဘောလုံးသမားလေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ယခုလို လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်မြောက် ဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT ၊ Myanmar Care နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင် ဦးဇော်မင်းသိန်းက အမှာစကားပြောကြားခဲ့ရာ မိမိတို့နိုင်ငံ၏ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးများအနေဖြင့် အချိန်ပြည့် ကျောင်းစာဘက်တွင် ကြိုးစားနေရသည့်အတွက် ကာယဖွံ့ဖြိုးမှုအပိုင်းတွင် အားနည်းလာကြောင်း၊ ဘောလုံးအားကစားသည် ခန္ဓာကိုယ်သန်စွမ်းရေးနှင့် ဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံးအချက်ဖြစ်တဲ့ လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု၌ ကျင်းပလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ လာမည့်နှစ်များတွင် ယခုထက်ပိုမို၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ အားကစားပြုလုပ်ခြင်းအားဖြင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှလည်း အလိုအလျောက်ကာကွယ်ပြီးသားဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပေးကြသည့် ရခိုင်ပြည်နယ်အစိုးရဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နဲ့ သက်ဆိုင်ရာစပွန်ဆာများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လူငယ်များအနေဖြင့် အနာဂတ်တွင် နိုင်ငံအတွက် အားထားရသည့် မျိုးဆက်သစ်လူငယ်လေးများ ဖြစ်လာပါစေကြောင်း စသဖြင့် ဦးဇော်မင်းသိန်းကပြောကြားခဲ့သည်။

ထို့နောက် MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဦးသိန်းဟုတ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် “ယခုလို မြန်မာ့ဘောလုံးလောက တိုးတက်စေဖို့ အရွေ့တစ်ခုကို ရောက်အောင် စိတ်အားတက်ကြွစာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ ‘နှလုံးသားထဲက မြန်မာ’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူငယ်တွေ အားကစားကဏ္ဍမှာ တက်ကြစွာပူးပေါင်းလာစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ ယခု လူငယ်ဘောလုံးပွဲတော်နဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေဟာ လူငယ်ဘောလုံးသမားတွေအတွက် ကျန်းမာသန်စွမ်းတဲ့ ဘ၀နေထိုင်မှုတွေ ရရှိလာစေမယ့်အပြင် သူတို့ရဲ့ ဘောလုံးစွမ်းရည်တွေကိုလည်း နည်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် တစ်ဖက်တစ်လမ်းကနေ များစွာအထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက်အလားအလာကောင်းပြီး တန်ဘိုးရှိတဲ့ ကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုဆိုရင် လူငယ်ဘောလုံးပွဲတော်တွေသာမက ဘောလုံးအားကစားအတွက် အခြေခံကျတဲ့သင်ကြားမှု အထောက်အကူပြု DVD အချပ်ရေ ၁၅၀၀၀ ကျော်ကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ဖြန့်ဝေပေးလျက်ရှိနေပါပြီ။ ဒီကနေတစ်ဆင့် ဘောလုံးအားကစားအတွက် အခြေခံကျတဲ့အချက်တွေကို ကျောင်းသားလူငယ်တွေဟာ ဆရာ၊ဆရာမတွေနဲ့ လွယ်လွယ်ကူကူ သင်ယူလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ လူငယ်ဘောလုံးပွဲတော်နဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကနေတစ်ဆင့် အနာဂတ်မှာ နိုင်ငံအတွက်အားထားရတဲ့ ကစားသမားကောင်းများ ထွက်ပေါ်လာပါစေ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသားနှင့် ဧည့်သည်တော်ကြီးများမှ ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လူမှုရေးဝန်ကြီးနှင့် ဧည့်သည်တော်ကြီးများမှ MPT လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များနှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လူငယ်များအား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် MPT လူငယ်ဘောလုံးပွဲတော်တွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသားကလေးငယ် စုစုပေါင်း ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လမ်းညွန်ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(စစ်တွေ) ကို အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ကျင်းပပြုလုပ်သွားမည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအားကစားဝါသနာရှင်များ၊ ကျောင်းသား/သူများ နှင့် မိဘ ပြည်သူများ အခမဲ့ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

MFF-MNL-MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မန္တလေး၊မုံရွာ၊ ပဲခူး၊ မော်လမြိုင်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အပြီးတွင် ပုသိမ်၊ရန်ကုန်နှင့် တောင်ကြီးမြို့များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။