စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး ဆုများကို နည်းပြ ဦးမျိုးမင်းထွန်းနှင့် သန်းထက်အောင်တို့ရရှိ

October 1, 2018

တစ်ရာသီအတွင်း တစ်လတာအကောင်းဆုံးကစားသမားဆု သုံးကြိမ်ရခဲ့သည့် ဇွဲကပင်ယူနိုက်တက်အသင်းတိုက်စစ်မှူး သန်းထက်အောင်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ စက်တင်ဘာလ အတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ဇွဲကပင် ယူနိုက်တက်အသင်း တိုက်စစ်မှူး သန်းထက်အောင်တို့က ရရှိခဲ့ကြသည်။

စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို စက်တင်ဘာ ၃၀ ရက်က အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ဗိုလ်လုပွဲမစတင်မီက ပေးအပ်ချီးမြှင့် ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုရခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းအား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်းချီးမြှင့်ခဲ့သည်။ MPT JO မှ COO မစ္စတာ ယိုရှီယာကီ ဘန်နီနိုမှ တစ်လတာ အကောင်းဆုံး ကစားသမားဆုရခဲ့သည့် ဇွဲကပင်အသင်း တိုက်စစ်မှူး သန်းထက်အောင်အား ဆုတံဆိပ် နှင့်အတူ ဆုငွေကျပ် တစ်သိန်းခွဲချီးမြှင့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြ ဦးမျိုးမင်းထွန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ က တစ်လတာ အကောင်းဆုံးနည်းပြဆု တစ်ကြိမ်ရရှိထားဖူးပြီး စက်တင်ဘာလတွင် ထပ်မံ ရရှိခဲ့သည့်အတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကို နှစ်ကြိမ်ရရှိလာခဲ့သည်။

အလားတူ ဇွဲကပင်ယူနိုက်တက်အသင်း တိုက်စစ်မှူး သန်းထက်အောင်သည် ပြီးခဲ့သည့် မတ်-ဧပြီ၊ မေ-ဇွန်လများတွင် တစ်လတာ အကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်ဆက် တိုက်ရရှိခဲ့သည့်အပြင် စက်တင်ဘာလတွင် တစ်လတာအကောင်းဆုံး ကစားသမားဆု ထပ်မံရခဲ့သည့်အတွက် စုစုပေါင်း သုံးကြိမ်ရရှိခဲ့ပြီဖြစ်သည်။ ဇွဲကပင်အသင်း တိုက်စစ်မှူး သန်းထက်အောင်သည် တစ်ရာသီအတွင်း၌ တစ်လတာအကောင်းဆုံးဆု သုံးကြိမ်တိုင် တိုင်ရရှိခဲ့သည့်အတွက် တစ်လတာအကောင်းဆုံးဆု အများဆုံးရရှိသည့် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ တိုက်စစ်မှူး သန်းထက်အောင်သည် ယခုနှစ်ဘောလုံး ရာသီ တွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့်အပြင် အသင်း အတွက် သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူပေးထားသည်။ လက်ရှိအချိန်တွင် တိုက်စစ်မှူး သန်းထက် အောင်သည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမလူစာရင်းတွင် ရွေးချယ် ခြင်းခံထားရသည်။

အလားတူ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုး မင်းထွန်းသည်လည်း တစ်လ တာအကောင်းဆုံးနည်းပြဆုကို တစ်ရာသီ အတွင်း နှစ်ကြိမ် ရရှိခဲ့သည့်အတွက် အကြိမ်အရေအတွက် အများဆုံးရရှိသည့် နည်းပြအဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။ နည်းပြ ဦးမျိုးမင်းထွန်းသည် ယခုနှစ်ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်းအတွက် ရာသီကြို ကွင်းဖွင့်ဖလား၊ အမှတ်ပေးဖလားနှင့် ရှုံးထွက်ဖလား သုံးလုံး စလုံးရယူပေးထးသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တစ်လ အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့်စာရင်း

ဇန်န၀ါရီ

နည်းပြ- ဦးအောင်ကျော်မိုး(ရတနာပုံ)

ကစားသမား-စည်သူအောင်(ရတနာပုံ)

ဖေဖော်ဝါရီ

နည်းပြ-ဦးမျိုးမင်းထွန်း(ရန်ကုန်ယူနိုက်တက်)

ကစားသမား-မောင်မောင်လွင်(ရန်ကုန်ယူနိုက်တက်)

မတ်-ဧပြီ

နည်းပြ-ဦးအောင်ဇော်မျိုး(မကွေး)

ကစားသမား-သန်းထက်အောင် (ဇွဲကပင်ယူနိုက်တက်)

မေ-ဇွန်

နည်းပြ- မာဂျန်(ရှမ်းယူနိုက်တက်)

ကစားသမား-သန်းထက်အောင်(ဇွဲကပင်ယူနိုက်တက်)

ဇူလိုင်

နည်းပြ-ဦးငွေထွန်း(ဟံသာဝတီယူနိုက်တက်)

ကစားသမား-သီဟဇော်(ဧရာဝတီယူနိုက်တက်)

စက်တင်ဘာ

နည်းပြ-ဦးမျိုးမင်းထွန်း(ရန်ကုန်ယူနိုက်တက်)

ကစားသမား-သန်းထက်အောင်(ဇွဲကပင်ယူနိုက်တက်)