စစ်တွေဇုန် MPT U -14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကျောက်ဖြူ(က)အသင်းက ကျောက်ဖြူ(ခ)အသင်းကို ၁၁ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိ

October 2, 2018

ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် MPT U -14 Football Tournament 2018 အုပ်စု(ဂ) ပွဲစဉ်တစ်ပွဲတွင် ကျောက်ဖြူ(က)အသင်းက ကျောက်ဖြူ(ခ)အသင်း ၁၁ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ကျောက်ဖြူ(က)အသင်း(အစိမ်းရောင်)က ခြေစွမ်းအသာစီးဖြင့် တစ်ဖက်သတ်ဖိကစားပြီး ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူ(က)အသင်းအတွက် ဂိုးများကို ပွဲချိန် ၁၀၊ ၂၄၊ ၃၅ မိနစ်များတွင် ပြည့်ဖြိုးအောင်၊ ၁၆၊ ၄၈၊ ၅၉ မိနစ်များတွင် အောင်သူဟိန်း၊ ၂၈ မိနစ်တွင် ဆလိုင်းမောင်စံ၊ ၃၁+၁၊ ၃၄ မိနစ်များတွင် နေထက်လင်း၊ ၃၂၊ ၄၅ မိနစ်များတွင် မိုးကျော်ထက်တို့က သွင်းယူပေးခဲ့သည်။

ညနေပိုင်းတွင် အုပ်စု(ဃ)ပွဲစဉ်တစ်ပွဲအဖြစ် မင်းပြား/မြေပုံအသင်းနှင့် ပုဏ္ဏားကျွန်းအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ စစ်တွေမြို့ရှိ ဘောလုံးအားကစား ၀ါသနာရှင် ပရိသတ်များ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။