ယနေ့ ကျင်းပခဲ့သော MPT U-14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ ကျောက်ဖြူ(က)လူငယ်အသင်းနှင့် ရသေ့တောင်လူငယ်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အကြိုဗိုလ်လုပွဲစဉ်များကို စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်း၌ ယနေ့ကျင်းပခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ကျောက်ဖြူ(က)အသင်းနှင့် မြောက်ဦးလူငယ်အသင်းတို့ ပွဲစဉ်တွင် ကျောက်ဖြူအသင်းက သုံးဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။
ညနေပိုင်းတွင် ကျင်းပသည့် ရသေ့တောင်အသင်းနှင့် မင်းပြား/မြေပုံအသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်တွင် အကြိတ်အနယ်ဖြစ်ခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေသဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာတွင်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ရသေ့တောင်အသင်းက ၆-၅ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို အောက်တိုဘာ ၁၀ ရက်တွင် စစ်တွေမြို့၊ ဝေသာလီကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လမ်းညွန်ဦးဆောင်မှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့၏ ပူးပေါင်းကျင်းပသည့် စစ်တွေဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲကို ရခိုင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
၁၀-၁၀-၂၀၁၈
တတိယနေရာလုပွဲ/ နံနက် ၈း၀၀
မြောက်ဦး – မင်းပြား/မြေပုံ
ဗိုလ်လုပွဲ/ ညနေ ၃း၀၀
ကျောက်ဖြူ(က)- ရသေ့တောင်
ပုံစာအညွှန်း.. ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ရသေ့တောင်အသင်း။