မြောက်ဦးအသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ကျောက်ဖြူ(က)အသင်း ဗိုလ်လုပွဲတက်ရောက်

October 8, 2018

MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် ကျောက်ဖြူလူငယ်(က)အသင်းက  မြောက်ဦးလူငယ်အသင်းကို သုံးဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ယနေ့  နံနက်ပိုင်းက စစ်တွေမြို့၊ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါ အကြိုဗိုလ်လုပွဲစဉ်တွင် ကျောက်ဖြူအသင်းက ခြေစွမ်းအသာစီး ရယူကစားနိုင်ခဲ့ပြီး  မြောက်ဦးအသင်းက တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ရသည်။

ကျောက်ဖြူအသင်း ဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိစေမည့် အနိုင်ဂိုးများကို ၈ မိနစ်တွင် မိုးကျော်ထက်၊ ၄၈ မိနစ်တွင် ကျော်ဇင်ဟိန်းနှင့် ၅၄ မိနစ်တွင် ပြည့်ဖြိုးအောင်တို့က သွင်းယူပေးခဲ့သည်။

မြောက်ဦးအသင်းသည် ယနေ့ပွဲ၌ တန်ပြန်တိုက်စစ်မှ တစ်ဆင့် ဂိုးသွင်းခွင့်များ ရရှိခဲ့ပြီး အသုံးမချနိုင်ခြင်းကြောင့် ဗိုလ်လုပွဲတက်ရောက်ခွင့်နှင့် လွဲခဲ့ရသည်။

ညနေပိုင်းတွင် ရသေ့တောင်အသင်း နှင့်မင်းပြား/မြေပုံအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်းပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ကျောက်ဖြူအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

MPT U-14 Foootball Tournament 2018 ဗိုလ်လုပွဲစဉ်နှင့် တတိယနေရာလုပွဲကို အောက်တိုဘာ ၁၀ ရက်တွင် စစ်တွေမြို့၊ ဝေသာလီကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။