ရန်ကုန် ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းနဲ့ ငါးမိနစ်တာ အမေးအဖြေများ

October 9, 2018

ဒီအစီအစဉ်ကို MPT နဲ့ MNL တို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပြီး ပုံစံတူ မေးခွန်းတွေကို မြန်မာနေရှင်နယ်လိဂ် ကလပ်တွေက နည်းပြနဲ့ ကစားသမားတွေက ကိုယ်ပိုင်အမြင်တွေနဲ့ ဖြေဆိုကြတာပဲ ဖြစ်ပါတယ်။ ခုတစ်ပတ်မှာတော့ ရန်ကုန်ယူနိုက်တက် အသင်းကို MPT Myanmar National League 2018 အမှတ်ပေး ချန်ပီယံဆုအပြင် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကိုပါ ရယူပေးနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဦးမျိုးမင်းထွန်းရဲ့ အဖြေစကားတွေကို တင်ဆက်ပေးလိုက်ပါတယ်…..

(၁) လူတော်တော်များများက ပထမဦးစားပေး အသက်မွေးဝမ်းကျောင်းအဖြစ် မရွေးချယ်ကြတဲ့ ဘောလုံးအားကစားကို ဘာလို့ရွေးချယ်ခဲ့တာလဲ။ ဘာတွေကြောင့် အခုလို ရွေးချယ်တာလဲ။

ဘောလုံးကို ရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းအရင်းက ငယ်ငယ်ကတည်းက ဘောလုံးကစားနေရရင် ပျော်နေလို့ပါ။ ခုချိန်ထိပါပဲ။

(၂) အောင်မြင်မှုရဖို့အတွက် အသင်းကို ဘယ်လို ကြိုးစားပြင်ဆင်ခဲ့ရလဲ။

အများကြိး ကြိုးစားပြင်ဆင်ခဲ့ရပါတယ်။ ကိုယ်ပိုင်အချိန်၊ မိသားစုအချိန်အားလုံးကို မေ့ပြီး ဘောလုံးအသင်းအတွက်ပဲ အမြဲတမ်းပြင်ဆင်ခဲ့ရတယ်။ လေ့ကျင့်ရေးကအစ တစ်ရက်ချင်း သေသေချာချာ ပြင်ဆင်ခဲ့ရပါတယ်။ လေ့ကျင့် ခန်းတွေအပေါ် ထိရောက်မှု ရှိ မရှိ ပြန်သုံးသပ်ပါတယ်။ ပြိုင်ပွဲအတွက် ထိရောက်၊ လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ စဉ်းစား ပြင်ဆင်ရပါတယ်။

(၃)  ငယ်ငယ်ကတည်းက လေးစားအားကျရတဲ့ ဘောလုံးကစားသမားက ဘယ်သူဖြစ်မလဲ။ လက်ရှိအချိန်မှာ နည်းပြဖြစ်နေပြီဆိုတော့ ဘယ်နည်းပြက ကိုယ့်ရဲ့အားအကျဆုံး နည်းပြဖြစ်မလဲ။ ကိုယ့်ကိုယ်ကိုရော ဒီနည်းပြ အလုပ်မှာ အတော်လေး ခရီးရောက်နေပြီ ထင်လား။

ကလေးဘ၀ကတည်းက လေးစားအားကျရတဲ့ ဘောလုံးသမားကတော ကျွန်တော့်ရဲ့ဆရာ ဆရာဦးကြည်လွင်ပဲ ဖြစ်ပါတယ်။ လက်ရှိနည်းပြထဲမှာတော့ ဂွါဒီယိုလာနဲ့ ဇီဒန်းကို ကြိုက်ပါတယ်။ ကျွန်တော်နည်းပြဘ၀အတွက်တော့ ကြိုးစားနေဆဲအဆင့်ပဲ ရှိပါသေးတယ်။ လေ့လာစရာ အများကြီး ရှိပါသေးတယ်။

(၄)  နည်းပြဘ၀တစ်လျှောက် အမှတ်အရဆုံး အဖြစ်အပျက်တစ်ခုကို ပြောပြပါလား။

AFC Cup 2018 ပထမဆုံးအဝေးကွင်းပွဲစဉ် Bali United FC နဲ့ အင်ဒိုနီးရှားမှာ (၁-၃)နဲ့ နိုင်တဲ့ပွဲက ကျွန်တော့် နည်းပြဘ၀သက်တမ်းမှာ အမှတ်အရဆုံး ပွဲပါပဲ။

(၅)  ဒီရာသီ ချန်ပီယံအသင်းကို မွေးထုတ်ပေးခဲ့တဲ့ နည်းပြတစ်ယောက်အနေနဲ့ ဘယ်အရာက သင့်ကို အများနဲ့မတူအောင် ခွဲခြားပေးခဲ့သလဲ။

နာမည်၊ စာရွက်ပေါ်က နာမည်၊ အဲဒါတွေက ကျွန်တော့်အတွက် အဖြေမဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်သူကိုသာ ဦးစားပေးရွေးချယ်ခဲ့လို့ပါ။  Coach နဲ့ Player (local and foreigner) ကြားမှာ ယုံကြည်မှု (Trust) နဲ့ အပြန်အလှန်လေးစားမှု (Mutual Respect) ကို တည်ဆောက်ခဲ့လို့ ထင်ပါတယ်။

(၆)  ဘောလုံးအားကစားကို အသက်မွေးဝမ်းကျောင်း ပြုလုပ်ချင်သူတွေအတွက် သင့်ရဲ့ဘောလုံးနဲ့ ပတ်သက်တဲ့ အမြင်ကို ပြောပြပါ။ ဘာတွေက အရေးကြီးသလဲ။ ဘာတွေက အောင်မြင်မှုကို ဖြစ်စေမလဲ။ ဘယ်လိုခံယူချက်မျိုး လိုအပ်ပါသလဲ။

ခံယူချက်၊ စိတ်ဓာတ်နဲ့ အနစ်နာခံနိုင်မှု၊ ကြိုးစားလိုစိတ်၊ မဟုတ်မခံစိတ်အပြင် သင်ယူလိုစိတ်၊ ခေါင်းဆောင်ကောင်း စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် အများကြီး လိုအပ်ပါတယ်။