စစ်တွေဇုန် MPT U-14 Football Tournament 2018 ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ရသေ့တောင်အသင်းဗိုလ်စွဲ

October 10, 2018

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် MPT U -14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရသေ့တောင်အသင်းက ကျောက်ဖြူ(က)အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရပြီး တံခွန်စိုက်ဆုဖလားကြီးကို ရယူသွားနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ဦး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ စစ်တွေကွန်ပျူတာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်း၊ စစ်တွေနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်လှိုင်ဦး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စောမြ၊ မြန်မာဘရူဝါရီလီမိတက်မှ Regional Operation Manager ဦးကျော်မျိုးအောင်၊ Corporate Communication Manager ဦးမိုးဇော်၊ Premier Wellness မှ ဦးဇော်နိုင်လင်း၊ သက်ဆိုင်ရာ စပွန်ဆာ ကုမ္မဏီများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တက်ရာက်ခဲ့ကြသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကျောက်ဖြူ(က)အသင်းနှင့် ရသေ့တောင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရသေ့တောင်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့ကြသည့် ဒိုင်လူကြီးများအား မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်မှ အသိအမှတ်ပြု ဆုတံဆိပ်များချီးမြှင့်ပေးသည်။ ဆက်လက်ပြီး MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် ကျောက်ဖြူ(က)အသင်းမှ ကျောနံပါတ် (၁၆) အောင်သူဟိန်းအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ကို မြန်မာဘရူဝါရီလီမိတက်မှ Regional Operation Manager ဦးကျော်မျိုးအောင်| အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် ကျောက်ဖြူ(က)အသင်းမှ ကျောနံပါတ် (၁၄) ပြည့်ဖြိုးအောင်အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ကို ပရီမီယာဝဲလ်နက်စ်မှ ဦးဇော်နိုင်လင်း| နောက်တန်းအကောင်းဆုံးဆု ရရှိသည့် မြောက်ဦးအသင်းမှ ကျောနံပါတ် (၅) စိုးလင်းခိုင်အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စောမြ| ဂိုးသမားအကောင်းဆုံးဆု ရရှိသည့် ကျောက်ဖြူ(က)အသင်းမှ ကျောနံပါတ် (၁) မင်းသူအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို မြန်မာနေရှင်နယ်လိဂ် Operation Director ဦးအောင်သူမြင့်၊ ဂိုးသွင်းအများဆုံးဆု ရရှိသည့် ကျောက်ဖြူ(က)အသင်းမှ ကျောနံပါတ် (၁၄) ပြည့်ဖြိုးအောင်အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှနှင့် MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆု ရရှိသည့် မြောက်ဦးအသင်းမှ ကျောနံပါတ် (၉) ကျော်ထက်လင်းအား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၃၀၀၀၀ ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်တို့ မှ ချီးမြှင့်ပေးကြသည်။

ထို့နောက်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု ရရှိသည့် မင်းပြား/မြေပုံအသင်းအား ဆုငွေကျပ် ၂ သိန်းကို စစ်တွေနည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်လှိုင်ဦးမှ ချီးမြှင့်ပေးပြီး တတိယဆု ရရှိသည့် မင်းပြား/မြေပုံအသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုများကို စစ်တွေကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်း နှင့် တတိယဆုအတွက် ဆုကြေးငွေကျပ် ၃ သိန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ဦးတို့မှ ဂုဏ်ပြုချီးမြှင့်ပေးကြသည်။

အလားတူ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ ပါတနာ MPT မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ကျောက်ဖြူ(က)အသင်းအား တစ်ဦးချင်းငွေတံဆိပ်ဆုများကို စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ ဒုတိယဆုအတွက် ဆုကြေးငွေကျပ် ၅ သိန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ဦးတို့မှ ဂုဏ်ပြုချီးမြှင့်ပေးသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ရသေ့တောင်အသင်းအား မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်းမှ စီအီးအို ဦးရဲနိုင်ဦးမှ အမှတ်တရအသင်းဂျာစီများ ပေးအပ်ခဲ့သည်။

MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရသေ့တောင်အသင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်မှ တစ်ဦးချင်း ရွှေတံဆိပ်ဆုများ ချီးမြှင့်ပေးကာ ပထမဆုအတွက် ချန်ပီယံဆုကြေးငွေကျပ် ၁၀ သိန်းကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး ပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲခဲ့သည့် ရသေ့တောင်လူငယ်အသင်းအား တံခွန်စိုက်ဆုဖလားကြီး ချီးမြှင့်ခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို ရသေ့တောင်အသင်း၊ ဒုတိယဆုကို ကျောက်ဖြူ(က)အသင်းနှင့် တတိယဆုကို မင်းပြား/မြေပုံအသင်းတို့ ရရှိခဲ့ပြီး ပထမဆုကို ဆုဖလားနှင့် အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်အပါအ၀င် ဆုကြေးငွေ ၃ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အသန့်ရှင်းဆုံးအသင်းဆုနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ ပူပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိပါသည်။ ယခုအခါ မန္တလေး၊ မုံရွာ၊ ပဲခူးမြို့၊ မော်လမြိုင်၊ စစ်တွေမြို့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT တို့ ပူးပေါင်း၍ ပုသိမ်၊တောင်ကြီးနှင့် ရန်ကုန်မြို့များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။