ဆောက်သမ်းမြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူနဲ့ ငါးမိနစ်တာ အမေးအဖြေများ

October 12, 2018

 ဒီအစီအစဉ်ကို MPT နဲ့ MNL တို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပြီး ပုံစံတူ မေးခွန်းတွေကို မြန်မာနေရှင်နယ်လိဂ် ကလပ်တွေက နည်းပြနဲ့ ကစားသမားတွေက ကိုယ်ပိုင်အမြင်တွေနဲ့ ဖြေဆိုကြတာပဲ ဖြစ်ပါတယ်။ ခုတစ်ပတ်မှာတော့ ဆောက်သမ်းမြန်မာအသင်းနဲ့အတူ  MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကောင်းစည်သူရဲ့  အဖြေတွေကို တင်ဆက်ပေးလိုက်ပါတယ်…..

(၁) လူတော်တော်များများက ပထမဦးစားပေး အသက်မွေးဝမ်းကြောင်း အဖြစ် မရွေးချယ်ကြတဲ့ ဘောလုံးအားကစားကို ဘာလို့ ရွေးချယ်ခဲ့တာလဲ ? ဘာတွေကြောင့် ခုလို ရွေးချယ်တာလဲ ?

ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဘောလုံးအားကစားကို ဝါသနာပါလို့ ရွေးချယ်ဖြစ်ခဲ့တာပါ။ ဘောလုံးက မြန်မာနိုင်ငံမှာ နံပါတ်တစ်အားကစားနည်းပဲလေ။  ဒါပေမယ့် အရမ်းဝါသနာထုံတဲ့ သူတွေပဲ ဒီလိုင်းကို ရွေးကြတယ်။ ကျွန်တော်လည်း အရမ်းကို ဝါသနာပါလို့ ဘောလုံးသမား ဖြစ်ချင်လို့၊ ဘောလုံးကန်ချင်လွန်းလို့ ခုလိုမျိုး ဘောလုံးသမား ဘဝကို ရွေးချယ်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ စပြီး ကန်တုန်းကဆို ဝန်ကြီးဌာန အဆင့်ပဲ ရှိပါသေးတယ်။ ခုလို ပရိုအဆင့်တွေ မဟုတ်သေးဘူး။

(၂) နိုင်ပွဲတွေ ရယူနိုင်ဖို့  တစ်ခြားသူတွေနဲ့ မတူအောင် ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရလဲ။

ဘောလုံးက အသင်းအဖွဲ့လိုက် ကစားတဲ့ ကစားနည်းဆိုတော့ တစ်ယောက်တည်း ကြိုးစားလို့ မနိုင်နိုင်ဘူး။ ငါးယောက်လောက် ကြိုးစားလို့လည်း မနိုင်နိုင်ဘူး။ ပွဲတစ်ပွဲနိုင်ဖို့ ကြိုးစားမှုက တစ်သင်းလုံး ရာနှုန်းပြည့် ဖြစ်ရမယ်။ အသင်းလိုက်စုစည်းညီညွတ်မှု ရှိရမယ်။ ပွဲမှာ နိုင်ဖို့ဆို ထရိန်နင်မှာ ပွဲထက်ကို ပိုပြီးကြိုးစားလေ့ကျင့်ရမယ်။ ဒါမှသာ ပြိုင်ပွဲမှာ ကိုယ်မျှော်မှန်းတဲ့ အနိုင်ရလဒ်ကို ရယူနိုင်မှာပါ။

(၃)  ကောင်းစည်သူ ငယ်စဉ်ကတည်းက လေးစားအားကျရတဲ့ ဘောလုံးသမားက ဘယ်သူဖြစ်မလဲ။ ဘာကြောင့်လဲ။ ကိုယ့်ကိုကိုယ်ရော ဘောလုံးအားကစားမှာ တော်တော်လေး ခရီးရောက်နေပြီလို့ ထင်လား။

ပြည်တွင်းမှာဆို  ဦးသန်းတိုးအောင်၊ ဦးမျိုးလှိုင်ဝင်းနဲ့ ဦးဝင်းအောင်တို့ကို အရမ်းကြိုက်ပါတယ်။ ဦးသန်းတိုးအောင်ရဲ့ ဘောလုံးဖြန့်ဝေမှု ပုံစံတွေ၊  ဦးမျိုးလှိုင်ဝင်း ဂိုးသွင်းတာတွေ  ဦးဝင်းအောင် ခေါင်းတိုက်တာတွေ သူတို့တစ်ဦးချင်းစီတိုင်းရဲ့ ကျွမ်းကျင်မှုတွေက လေးစားအတုယူစရာတွေပါပဲ။  ပြည်ပမှာဆိုရင်တော့  ရော်နယ်ဒိုကြီးတို့ ဖီဂိုတို့ကို ကြိုက်ပါတယ်။ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို ကြည့်ပြီးတော့လည်း အတုယူကြိုးစားပါတယ်။

ကိုယ့်ကိုကိုယ်တော့ အားမရပါဘူး။ ကိုယ်တင်မကပါဘူး။ စီရော်နယ်ဒိုတောင် ကိုယ့်ကိုကိုယ် အားရမယ် မထင်ပါဘူး။ ဘောလုံးမှာ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ရပ်လိုက်လို့လည်း မရပါဘူး။ ဒါကြောင့် အောင်မြင်မှုတွေ ဆုတံဆိပ်တွေ ထပ်ပြီး ရယူနိုင်အောင် အမြဲတမ်း ကြိုးစားနေရမှာပါ။

(၄) ဘောလုံးအားကစားနဲ့ အသက်မွေးဝမ်းကျောင်း ပြုချင်တဲ့ သူတွေအတွက်  ကောင်းစည်သူရဲ့ ဘောလုံးအားကစားနဲ့ ပတ်သက်တဲ့ အမြင်ကို ပြောပြပေးပါဦး။

ဘောလုံးသမား ဖြစ်ချင်လို့ ကြိုးစားနေတဲ့၊ ဘောလုံးလောကထဲ ဝင်လာကြတော့မယ့် ညီငယ်တွေ အတွက် အကြံပေးလိုတာတော့ ပထမ အရေးကြီးတဲ့အချက်က အုတ်မြစ်ပါ။ အခြေခံ အုတ်မြစ်ခိုင်မှ အဆောက်အဦးကို မြင့်မြင့် ဆောက်လို့ရမယ်။ ဒါမှသာ ကိုယ်က မြင့်မြင့်မားမား ရောက်နိုင်မှာပါ။ အပေါ်ရောက်ပြီ ဆိုရင်လည်း အောင်မြင်ပြီ ဆိုပြီး တက်မြှောက်နေလို့ မရပါဘူး။ အောင်မြင်မှုတွေကို အမြဲ ရှာဖွေနေရမှာပါ။ ကိုယ့်ကိုကိုယ် ပြည့်စုံပြီလို့ မယူဆပဲ အမြဲကြိုးစားလေ့လာ နေမှသာ အောင်မြင်မှုတွေကို အမြဲတမ်း ဆိုပ်ကိုင်နိုင်မှာပါ။ ပြည့်စုံတဲ့ ဘောလုံးသမားဆိုတာ မရှိပါဘူး။