မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်လိဂ်ပြိုင်ပွဲများတွင် လာမည့်ဘောလုံးရာသီများ၌ ပရိသတ်များပိုမို လာရောက်ကြည့်အားပေးလာစေရန်အတွက် ထပ်တိုးစီမံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ MNL နှင့် Partner ဖြစ်သည့် MPT တို့အကြား အကြိုညှိနိုင်းအစည်းအဝေးကို ယနေ့(၃:၃၀)နာရီတွင် သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်ရုံး အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
ယင်းညှိနိုင်းအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်နှင့် ဌာနခွဲတာဝန်ခံများ၊ MPT JO COO Mr Benino၊ Marketing GM Mr Sumbad, MPT Team Managerနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ညှိနိုင်းအစည်းအဝေးတွင် MNL CEOနှင့်COO တို့က ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီက MPT နှင့်အတူ စီမံဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ လာမည့်နှစ်များတွင် ပရိသတ်များပိုမိုစိတ်ဝင်စားလာရောက်အားပေးလာစေရန် စီမံဆောင်ရွက်သွားရန်လျာထားသည့်အစီအစဉ်များ၊ နှစ်ဦးနှစ်ဖက်တိုးတက်အောင်မြင်စေနိုင်သည့်နည်းလမ်းများ၊ ကလပ်အသင်းများ၊ ပရိသတ်များနှင့် ပိုမိုပူပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ပရိသတ်များအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းသည့် ပရိုမိုးရှင်းအစီအစဉ်များ၊ Lucky draw အစီအစဉ်များနှင့် MPT ဘက်က ပူးပေါင်းပံ့ပိုးပေးရန်လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ MPT JO COO က မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများ၏ အခက်အခဲ စိန်ခေါ်မှုများကို မိမိတို့လည်းနားလည် သိရှိပါကြောင်း၊ မိမိတို့အနေနှင့် မြန်မာ့ဘောလုံးအတွက်တစ်ထောင့်တစ်နေရာမှ ပါဝင်ပံ့ပိုးပေးနေရခြင်းအတွက် ဂုဏ်ယူပျော်ရွှင်မိပါကြောင်း၊ MNL ယခုထက် ပိုမိုတိုးတက်အောင်မြင်ပြီး ပွဲလာကြည့်သောပရိသတ်များ ပိုမိုတိုးတက်လာအောင် စီမံဆောင်ရွက်သွားမည့်အစီအစဉ်များမှာ ကောင်းမွန်ပါကြောင်း၊ ပိုမိုကောင်းသော အစီအစဉ်များ ထပ်ရှိလာခဲ့ရင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မိမိတို့ဘက်က ပံ့ပိုးကူညီပေးရန်ကိစ္စများကိုလည်း တတ်နိုင်သမျှပံ့ပိုးဆောင်ရွက်ပေးဖို့ စီစဉ်သွားမှာဖြစ်ကြောင်း၊ မြန်မာ့ဘောလုံးအတွက် အားလုံးဝိုင်းဝန်ကြိုးစားနေကြခြင်းအတွက်လည်း ချီးကျူးအသိမှတ်ပြုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် MNL COO နှင့် MPT တာဝန်ရှိသူများက အသေးစိတ်အစီအမံများကိုဆက်လက်ဆွေးနွေးခဲ့ကြသည်။ မြန်မာနေရှင်နယ်လိဂ်(MNL)နှင့် MPT သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ (၃)နှစ် Partner အဖြစ်စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးပြီးနောက် အပါတ်စဉ်/လစဉ် လုပ်ငန်းညှိနိုင်အစည်းအဝေးများ ကျင်းပပြုလုပ်ဆွေးနွေးလျက်ရှိပြီး ပူပေါင်းဆောင်ရွက်ရှိပါသည်။
MNL လက်အောက်ရှိ လိဂ်ပြိုင်ပွဲ(၆)ခုနှင့် ရှုံးထွက်ပြိုင်ပွဲများကို ကျင်းပလျက်ရှိနေသည့်အပြင် ၂၀၁၈ ခုနှစ်မှစ၍ MPT University Football Tournament များ၊ MFF/MNL-MPT Regional Grassroots Football Festival များနှင့် MPT U14 Football Tournament များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ပါ သွားရောက်ကျင်းပပေးလျက်ရှိသည်။ ၂၀၁၉ နှင့်၂၀၂၀ ခုနှစ်များတွင်လည်း အဆိုပါဘောလုံးပြိုင်ပွဲများနှင့် လူငယ်ဘောလုံးပြိုင်ပွဲများကို ပိုမိုတိုးချဲ့ ကျင်းပပြုလုပ်သွားရန်စီမံဆောင်ရွက်ထားသည်။
အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်မည့် 2019 MNL-1 အမှတ်ပေးဘောလုံးပြိုင်ပွဲ ကို လာမည့် ဇန်န၀ါရီ ၁၂ ရက်တွင် စတင်ကျင်းပရန် လျာထားပြီး အသင်း ခုနစ်သင်း(သို့မဟုတ်) ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည့် 2019 MNL – II အမှတ်ပေး ဘောလုံးပြိုင်ပွဲကို လာမည့် ဇန်န၀ါရီ ၂၅ ရက်တွင် စတင်ကျင်းပသွားရန် စီစဉ်ထားရှိသည်။
ထို့အတူ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် ရာသီကြို ကွင်းဖွင့်ဖလား (Charity Cup) ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။