MPT Myanmar National League 2019 ရာသီအကြို အားနည်းချက်၊အားသာချက်များအား ပြန်လည်သုံးသပ်သည့် Evaluation Meeting 2018 ကျင်းပပြုလုပ်

October 19, 2018
၂၀၁၉ ခုနှစ်အတွင်း ကျင်းပသွားမည့် MPT Myanmar National League အမှတ်ပေးဘောလုံးပြိုင်ပွဲများ မတိုင်မီ Evaluation Meeting 2018 အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
 
ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံတာဝန်ခံ ဦးကျော်လင်းထွေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ်ဒေါက်တာအောင်ကျော်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဥက္ကဌ ဦးဝင်းချို၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်ဌာန ဒါရိုက်တာ ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦးခင်မောင်ကြိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် First Instance Body ဥက္ကဌ ဦးတင်အောင်(ဂိုး)၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြိုင်ပွဲကြီးကြပ်များ| ဒိုင်လူကြီးများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ စီအီးအိုများ| အသင်းမန်နေဂျာများနှင့် ကလပ်အသင်းနည်းပြများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တစ်ဆက်တည်းတွင် လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ပိုမိုအားကောင်းလာစေရေးနှင့် လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက် ကလပ်အသင်းများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊မြန်မာနေရှင်နယ်လိဂ်တို့အကြား အတူတကွပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ၊ ပြည်ပကစားသမားခေါ်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အရည်အသွေးမြှင့် ဒိုင်လူကြီးများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်ပြီး မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည့် ပြီးခဲ့သည့် နှစ်များအတွင်း အားနည်းချက်၊အားသာချက်များအား ပြန်လည်သုံးသပ်၍ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်အတွက် ခေါ်ယူတွေ့ဆုံပြုလုပ်သည့် အစည်းအဝေးပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာသီသစ်အတွက် လွန်စွာအရေးကြီးသည့် အစည်းအဝေးဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ကလပ်အသင်းများဘက်မှ မိမိတိှု့နှင့်အတူ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လေးလေးနက်နက်တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိရာ ရာသီသစ်မစတင်မီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့နှင့် ပူးပေါင်း၍ Workshop များ၊ Seminar များနှင့် သင်တန်းများ ပါဝင်သည့် MNL Education Program အား ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်ဖွင့်လှစ်သွားရန် စီစဉ်ထားပါကြောင်း၊ ကလပ်အသင်းများဘက်မှ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား ပိုမိုဆွဲဆောင်မှုရှိသော လိဂ်တစ်ခုဖြစ်လာစေရန်၊ ပရိသတ်များ ကွင်းအတွင်း ၀င်ရောက်လာစေရန် ယခုထက်ပိုမို၍ အားထုတ် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း စသဖြင့်ပြောကြားခဲ့သည်။
 
ထို့နောက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦးခင်မောင်ကြိုင်၊ အာရှဘောလုံးအဖွဲ့ချုပ်ကလပ်လိုင်စင် စစ်ဆေးရာတွင် ကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် First Instance Body ဥက္ကဌ ဦးတင်အောင်(ဂိုး)၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒိုင်လူကြီးများ၏ အခြေအနေများနှင့် ပတ်သက်၍ ဒိုင်ကော်မတီဥက္ကဌ ဦးဝင်းချိုနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒေါက်တာအောင်ကျော်ဦးတို့မှ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
 
အလားတူ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ လာမည့်နှစ်တွင် ပရိသတ်များ ကွင်းအတွင်း ပိုမိုဝင်ရောက်အားပေးလာစေရန် မိတ်ဖက်ပါတနာ MPT နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြီးခဲ့သည့်နှစ် သင်ခန်းစာများအရ လာမည့်နှစ်တွင် တာဝန်ကျ ဒိုင်လူကြီးများအပေါ် ကလပ်အသင်းတာဝန်ရှိသူများနှင့် ကစားသမားများမှ အပြန်အလှန် လေးစားမှု ထားရှိသင့်သည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့သည်။
 
ယင်းနောက်တွင် အစည်းအဝေးတက်ရောက်လာသည့် ကလပ်အသင်းတာဝန်ရှိသူများမှ အထွေထွေညှိနှိုင်း ဆွေးနွေးမေးမြန်းခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
 
ယနေ့အခမ်းအနားကို မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လုပ်ဆောင်ပြီးခဲ့သည့် ကိစ္စရပ်များအတွက် သုံးသပ်မှုများနှင့် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သွားမည့် အခြေအနေများအား တက်ရောက်လာသူများမှ ဆွေးနွေးတိုင်ပင်ခဲ့ခြင်းဖြစ်သည်။