MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(ရန်ကုန်) ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၂ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း ဒုတိယထပ်ရှိ မြန်မာနေရှင်နယ်လိဂ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံတာဝန်ခံ ဦးကျော်လင်းထွေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် Operation & Security Director ဦးအောင်သူမြင့်၊ မြန်မာနေရှင်နယ်လိဂ် Sponsorship & Project Director ဦးသိုက်စံထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွန့်ကို ၊ ရန်ကုန်ယူနိုက်တက်အသင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးသက်ကိုကိုဦး၊ အသင်း မန်နေဂျာ ဦးမြင့်သိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ယနေ့အခမ်းအနားသည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မရှိမဖြစ် အရေးပါသည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးအတွက် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ၌ အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ဦးစားပေး ကျင်းပလျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် တိုးချဲ့ကျင်းပသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာရှဘောလုံးအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများအတွက်ပါ ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနား၌ အပါအ၀င် ပြိုင်ပွဲအဆင်ပြေချောမွှေ့စွာ ကျင်းပနိုင်ရေး ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ လူငယ်ဘောလုံးပြိုင်ပွဲမတိုင်မီ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည့် လူငယ်ဘောလုံးနည်းပြသင်တန်းများအတွက် စီစဉ်ထားရှိမှုများ၊ ပြိုင်ပွဲဝင်အသင်းများ တည်းခိုနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ပြိုင်ပွဲကျင်းပသွားမည့် အခြေအနေများနင့် စပ်လျဉ်း၍ အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ တစ်ဦးချင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်လမ်းညွန်မှုဖြင့် ရန်ကုန်မြို့၊ ရန်ကုန်ယူနိုက်တက်အသင်း၏ Y.U.S.C ကွင်း၌ ကျင်းပပြုလုပ်သွားမည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ ရက်၊ နံနက် ၇း၃၀ အချိန်တွင် ကျင်းပမည်ဖြစ်သည်။
ယင်းမတိုင်မီ လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်းကို ၅၊ ၆ ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကာယဆရာ၊ဆရာမ ၅၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ အဓိက ကူညီပံ့ပေးသွားမည့် MPT Grassroots Football Festival (လူငယ်ဘောလုံးပွဲတော်)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးငယ် ၂၅၀ ကျော် ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။
ထို့အတူ MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ( MPT U 14 Football Tournament 2018) ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမရရှိသည့်အသင်းအား ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုရ အသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။
အလားတူ ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းကစားသမားဆုများနှင့် အကောင်းဆုံး ကစားသမားဆုတို့ကိုပါ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT တို့နှင့် ပူးပေါင်းကျင်းပမည့် အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲဝင်အသင်းများ တစ်သင်းလျင် ထောက်ပံ့ကြေးငွေ ကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများပါ ပြိုင်ပွဲကျင်းပရေးမှ ထောက်ပံ့ပေးသွားမည်လည်းဖြစ်ပါသည်။
ထို့ပြင် သက်ဆိုင်ရာ စပွန်ဆာများ၏ ပူးပေါင်းပါဝင်မှုဖြင့် Grassroots လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် ကလေးများအတွက် MPT အပါအ၀င် သက်ဆိုင်ရာ စပွန်ဆာပါတနာများ၏ ပံ့ပိုးမှုဖြင့် အားဖြည့်အချိုရည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များကို ပေးအပ်သွားမည်ဖြစ်သည်။