MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲ(ပုသိမ်) မတိုင်မီ အသက်စစ်ဆေးမှု ပြုလုပ်ရာတွင် ကစားသမား ၁၃ ဦး အသက်ကျော်လွန်နေကြောင်း တွေ့ရှိရ

October 25, 2018

လာမည့် အောက်တိုဘာ ၂၇ ရက်တွင်  စတင်ကျင်းပတော့မည့်  MPT U-14 Football Tournament 2018 (ပုသိမ်) ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင်  စုစုပေါင်း ကစားသမား ၁၃ ဦးမှာ   အသက်ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးကပြောသည်။

“အသက်အရွယ်ကြီးတယ်လို့ သံသယရှိတဲ့ ကစားသမား ၃၈ ဦးကို ရွေးထုတ်လိုက်ပြီး စစ်ဆေးတာပါ။ ၁၃ ယောက်ကတော့ အသက်ကျော်နေတာ တွေ့ရပြီး ၂၅ ယောက်ကတော့ အသက်စစ်ဆေးမှု အောင်မြင်ပါတယ်” ဟု ဒေါက်တာအောင်ကျော်ဦးကဆိုသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်သည်။ ထို့ကြောင့်  အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပြိုင်ပွဲမှ စတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အသက်စစ်အဖွဲ့မှ  စစ်ဆေးနေခြင်းဖြစ်သည်။

“နောက်ပိုင်း အသင်းတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။ တချို့အသင်းတွေဆို ပြိုင်ပွဲမလာခင်မှာ ကတည်းက အသက်စစ်ဆေးတာတွေ လုပ်လာတယ်။ နောက်တစ်ခုက အခြားအသင်းတွေက အသက်မီတဲ့ ကစားသမားတွေကိုပဲ ဦးစားပေး ရွေးချယ်လာတာ တွေ့ရပါတယ်။ ဒါက ဘောလုံးလောက အတွက် အပြုသဘောဆောင်တဲ့ အချက်တစ်ခုပါပဲ” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည့်  MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အသက်စစ်ဆေးမှု အောင်မြင်ခြင်း မရှိသည့် ကစားသမားများကို  ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့သည်။

ယနေ့ အသက် စစ်ဆေးရာခဲ့တွင် ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမားများကို  ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယခုနှစ်အတွင်း  MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေမြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက်ပြီး ပုသိမ်(လက်ရှိ)နှင့်  ရန်ကုန်၊ တောင်ကြီးမြို့များတွင်  ကျင်းပသွားဦးမည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲများတွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား စစ်ဆေးသွားမည် ဖြစ်ပါသည်။

MPT အသက် ၁၄ နှစ်အောက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုံးသင်းပါ လေးအုပ်စုခွဲ၍  မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် ပုသိမ်မြို့ ၊ ကျောက်တိုင်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။