MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲ(ပုသိမ်)ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ချီးမြှင့်

October 26, 2018

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်၏ ဦးဆောင်လမ်းညွန်မှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့က အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် MFF-MPT Grassroots Festival နှင့် MPT U-14 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာ ၂၆ ရက်(ယနေ့) ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်ကွင်း၌  စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းပညာရေးမှူး ဦးကျော်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT- KSGM Joint Operations, Corporate  Communications Department မှ Deputy Department General Manager ဦးမိုးသူရနှင့် တာဝန်ရှိသူများ၊ Myanmar Care မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များ၊ ယူ ၁၄ ပြိုင်ပွဲဝင် ဘောလုံးသမားများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများနှင့် သတင်းမီဒီယာများ  တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် “ဒီနေ့အခမ်းအနားက မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေးကြီးပြီး  အခြေခံကျတဲ့ အခမ်းအနားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘောလုံးလောက တိုးတက်ရေးအတွက် လူငယ်ဘောလုံးပွဲတော်တွေနဲ့ အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်မယ့် လုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အနေနဲ့  MPT နဲ့ ပူးပေါင်းပြီး လူငယ်ဘောလုံးပွဲတော်တွေနဲ့ ယူ ၁၄ လူငယ်ဘောလုံးပြိုင်ပွဲတွေကို ယခုနှစ်ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ အထူးစီမံကိန်းအနေနဲ့ ဖော်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ  ယခုလို လာရောက်ကျင်းပပေးတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စားရော ဘောလုံးကိုချစ်တဲ့သူတစ်ယောက်အနေနဲ့  ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။  နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်ပေါင်းများစွာ ရှိတဲ့အထဲမှာ လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကလည်း မရှိမဖြစ် လိုအပ်တာဖြစ်ပါတယ်။ လူငယ်ဘောလုံးပွဲတော်တွေကို များများ ကျင်းပပေးခြင်းဖြင့် ကလေးလူငယ်တွေကြားမှာ ဘောလုံးကို ပိုမိုစိတ်ဝင်စားလာမှာဖြစ်တဲ့အပြင် ကျန်းမာပျော်ရွှင်မှုကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ လူငယ်ဘောလုံးပြိုင်ပွဲတွေ အများအပြား ကျင်းပပေးခြင်းဖြင့် အနာဂတ် မြန်မာ့လက်ရွေးစင်အသင်း အဆင့်ဆင့်အတွက် တစ်ချိန်မှာ အားထားရနိုင်မယ့် မျိုးဆက်သစ် ကစားသမားကောင်းလေးတွေ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ဘောလုံးသမိုင်းမှာလည်း  ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကနေ တစ်ဆင့်  ဘောလုံးသမားကောင်းတွေ ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့လည်း နိုင်ငံအတွက် အားထားရတဲ့ လက်ရွေးစင် ကစားသမားများစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေ အနေနဲ့လည်း မိမိတို့ကျောင်း၊ မိမိတို့မြို့နယ်၊ ခရိုင်အဆင့်ကို ကိုယ်စားပြုပြီး ဂုဏ်ဆောင်နိုင်တဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်တဲ့ ကစားသမားကောင်းတွေ ဖြစ်ရုံသာမကဘဲ တစ်ချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားကောင်းလေးတွေ ဖြစ်လာစေဖို့ ရည်မှန်းချက်ကြီးကြီးထားပြီး ကြိုးစားသွားကြပါလို့ လေးလေးနက်နက် တိုက်တွန်းမှာကြားလိုပါတယ်။  လူငယ်ဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းသားတွေ အနေနဲ့လည်း အခုအသက်အရွယ်ကတည်းက  ဘောလုံးအခြေခံနည်းစနစ်တွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘောလုံးဥပဒေအတိုင်း လိုက်ပါကစားနိုင်တဲ့အပြင်  ပြိုင်ပွဲအား အနှောက်အယှက်ဖြစ်စေမယ့် မလိုလားအပ်တဲ့ အပြုအမူတွေကို မဖြစ်ပွားရအောင် ပြိုင်ပွဲဝင်အသင်းအားလုံးက စည်းကမ်းတစ်ကျနဲ့ ပါဝင်ယှဉ်ပြိုင်ကြပါလို့ လည်း လေးလေးနက်နက် မှာကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ MPT လူငယ်ဘောလုံးပွဲတော်နဲ့ MPT လူငယ်ဘောလုံးပြိုင်ပွဲမှာ  ပါဝင်ကြမယ့် သားငယ်သမီးငယ်များအားလုံး ကျောင်းသားကလေးငယ်များအားလုံး ဒီပြိုင်ပွဲမှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရင်း အချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့  စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ရကြပါစေ၊ ဘောလုံးအားကစားကို ပိုမိုချစ်မြတ်နိုးပြီး တစ်ချိန်မှာ နိုင်ငံအတွက်ပါ အားထားရတဲ့ မျိုးဆက်သစ် ကစားသမားလေးတွေ ဖြစ်ပါစေလို့  မျှော်လင့်ဆုတောင်းပေးပါတယ်။ ယခုလို MPT လူငယ်ဘောလုံးပွဲတော်နဲ့ MPT လူငယ်ဘောလုံးပြိုင်ပွဲတွေ ကျင်းပပေးတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေနဲ့လည်း ယခုထက်ပိုမို စွမ်းဆောင်ပေးနိုင်ပါစေ။ ပြိုင်ပွဲဖြစ်မြောက်အောင် ပံ့ပိုးပေးတဲ့ MPT နဲ့ စပွန်ဆာကုမ္ပဏီတွေလည်း ယခုထက်ပိုမို စီးပွားဖြစ်ထွန်းပြီး မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ ပိုမိုပံ့ပိုးပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ၀န်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကားပြောကြားရာ “ကျွန်တော်တို့အနေနဲ့ လူငယ်ဘောလုံးပွဲတော်နဲ့ လူငယ်ဘောလုံးပြိုင်ပွဲနှစ်ခုကို ဘာကြောင့်ကျင်းပရလဲဆိုရင် ဘယ်အားကစားနည်းပဲ မဆို ပြုစုပျိုးထောင်မယ်ဆိုရင် လူငယ်ကပဲ အခြေခံကျပါတယ်။ တစ်ကယ်တမ်း မြန်မာပြည်မှာပဲ ၁၂ နှစ်အောက် ပြိုင်ပွဲတွေ လုပ်တာဖြစ်ပါတယ်။ ဂျပန်၊ကိုးရီးယားတို့မှာဆိုရင် အသက် ၆ နှစ်၊ ၇ နှစ်အရွယ်တွေမှာ လူငယ်ဘောလုံးပွဲတော်တွေ စပြီး လုပ်ဆောင်နေပါပြီ။ ဘောလုံးအားကစားပြိုင်ပွဲက  ဆုရဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဘ၀အတွက် အာမခံချက်ရှိတဲ့  ကစားနည်းဖြစ်ပါတယ်။  ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်လာတဲ့အခါမှာ ဘ၀အတွက် ၀င်ငွေလုံလောက်အောင် ရရှိတဲ့အပြင် လူငယ်တွေကြားမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်တော့ဘဲ ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ် ရှိလာအောင်၊ အားကစားနည်းရဲ့ စည်းကမ်းဥပဒေသအောက်မှာ ပူးပေါင်းပြီး ကစားချင်တဲ့စိတ်နဲ့ အောင်မြင်မှုရအောင် ကြိုးစားအားထုတ်ကြမယ်ဆိုရင် လူငယ်တွေရဲ့ ဘ၀အနာဂတ်က ပိုပြီးတော့ လှပလာမှာဖြစ်ပါတယ်။ နောက်တစ်ခုက အားကစားလုပ်ခြင်းဖြင့် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းကနေ တွန်းထုတ်ပြီးသား ဖြစ်သွားမှာပါ။ ဒါဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကနေ ကင်းဝေးပြီး ကလေးတွေရဲ့ အနာဂတ်ဟာ ပိုပြီးလှပ တောက်ပြောင်လာမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို ကျောင်စာထူးချွန်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ ကလေးတွေကို ဘောလုံးကစားစေချင်တဲ့စိတ် ထူးချွန်စေချင်တဲ့စိတ်၊ အပေါင်းအသင်းတွေ ရစေချင်တဲ့စိတ်နဲ့ တိုက်တွန်း လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ နည်းပြတွေရဲ့ အခန်းကဏ္ဍကလည်း လွန်စွာ အရေးပါနေပါတယ်။  ဒါကြောင့် မိဘရယ်၊ ကစားသမားရယ်၊ နည်းပြရယ် သုံးဦးသုံးဖလှယ် မရှိရင်မဖြစ်ပါဘူး။ ဒီပြိုင်ပွဲက ယခုနှစ်မှာ ၆ ခုမြောက် ဘောလုံးပွဲတော်နဲ့ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပါတယ်။ နောက်နှစ်တွေမှာ ယခုထက်ပိုပြီး တိုးချဲ့ကျင်းပသွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ တစ်ကယ်တော့ ဧရာဝတီတိုင်းဆိုတာလည်း ဘောလုံးမှာ အစဉ်အလာရှိတဲ့ တိုင်းတစ်ခုဖြစ်ပါတယ်။ ဟင်္သာတာက ဦးလှဌေးတို့အပါအ၀င် ဧရာဝတီတိုင်းက မြန်မာ့လက်ရွေးစင် ဘောလုံးသမားကောင်းတွေ၊ နာမည်ကြီး ကစားသမားတွေ  အများကြီး ထွက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လူငယ်လေးတွေကို မှာချင်တာက ကျောင်းစာထူးချွန်အောင်လုပ်ရင်း  အားကစားကိုလည်းလုပ်၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူသွားဖို့  တိုက်တွန်းချင်ပါတယ်။ ပြီးတော့ ဥပဒေတစ်ခုရဲ့ စရိုက်သဘာဝအောက်မှာ နေတတ်တဲ့အလေ့အကျင့်ကို ကြိုးစားသွားဖို့ လိုပါတယ်။ နောက်တစ်ခုက ကလေးတွေအနေနဲ့ လက်ရွေးစင်ကစားသမား ဖြစ်မှ မဟုတ်ပါဘူး။ လူငယ်လက်ရွေးစင်ကနေတစ်ဆင့် နိုင်ငံကိုယ်စားပြုပြီး  နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးတွေလည်း ရှိနေပါတယ်။  ဒါကြောင့် ကိုယ့်ဘ၀အတွက် အနာဂတ်လှဖို့ ဘောလုံးအားကစားကိုကြိုးစားပြီးတော့ ယှဉ်ပြိုင်ကစားကြပါ” ဟု ဦးဇော်ဇော်က ဖွင့်ပွဲအခမ်းအနား၌  တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် MPT- KSGM Joint Operations, Corporate  Communications Department မှ Deputy Department General Manager ဦးမိုးသူရမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲတွင် အားကြိုမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအား ဦးစွာ ကျေးဇူးတင်ရှိပါကြောင်း၊ MPT အနေဖြင့် မြန်မာနိုင်ငံကို နှလုံးသားထဲတွင် အစဉ်ထားရှိပြီး အနာဂတ်လူငယ်များအတွက် ဆောင်ရွက်နေသကဲ့သို့  အားကစားကဏ္ဍတွင်လည်း လူငယ်များ တက်ကြွစာပါဝင် လှုပ်ရှားနေစေဖို့  ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ လူငယ်ပြိုင်ပွဲများမှ တစ်ဆင့် ကျန်းမာသန်စွမ်းသည့်  ဘ၀နေထိုင်မှု ပုံစံကို  ရရှိစေမည့်အပြင် ဘောလုံးစွမ်းရည်များ၊ တိုးတက်လာစေဖို့အတွက်လည်း အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျင်းပသည့် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲမှာ ယခုနှစ်အတွင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ပူးပေါင်းပြီး ၆ ခုမြောက် ကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်ပါကြောင်း၊ ယင်းမှာ လူငယ်များအတွက် အခြေခံအုတ်မြစ်ကောင်းများပင်ဖြစ်ပါကြောင်း၊ လူငယ်ပြိုင်ပွဲများ ကျင်းပခြင်းသာမကဘဲ အခြေခံနည်းစနစ်များ ပါဝင်သည့် ဒီဗီဒီအခွေ ၁၅၀၀၀ ကျော်အား ရိုက်ကူးဖြန့်ချီပေးထားပါကြောင်း၊ ဒါကြောင့် ဘောလုံးအခြေခံနည်းစနစ်များအား အလွယ်တကူ လိုက်လံသင်ယူလေ့ကျင့်နိုင်စေမှာဖြစ်ကြောင်း၊ ယခုအစီအစဉ်အား ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များမှ ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကာ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲဝင် ကစားသမားများ၊ နည်းပြများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကလေးငယ်များ၏ ဘောလုံးပွဲတော် ပွဲဝင်ဆင်နွှဲမှုကို လိုက်လံ အားပေးခဲ့ကြသည်။

ထို့ပြင် ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများသို့ ဘောလုံး ၂၀၀၊ MPT မှ ဘောလုံး ၂၅၀နှင့် Myanmar Care မှ ဘောလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံရယူခဲ့သည်။

မျိုးဆက်သစ်ကစားမားများ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကျင်းပသည့်  MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲကို   အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ   ပြိုင်ပွဲဝင် ၁၂သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် ယနေ့ကျင်းပသည့် လူငယ်ဘောလုံးပွဲတော်တွင် တိုင်းဒေသကြီးအတွင်းရှိ  အခြေခံပညာကျောင်းများမှ အသက် ၆ နှစ်မှ ၁၂ နှစ်ကြားရှိ  ကလေးငယ် ၂၅၀ ၀န်ကျင် ပါဝင်ဆင်နွှဲခဲ့သည်။ အဆိုပါ လူငယ်ဘောလုံးပွဲတော်အပြီးတွင် သက်ဆိုင်ရာ မိတ်ဖက်စပွန်ဆာများမှ ကလေးများအား အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ၊ အားဖြည့် အချို့ရည်များနှင့် အစားအသောက်များ ပေးအပ်ခဲ့ပါသည်။