ခြေစမ်းပွဲတွင် မြ၀တီအက်ဖ်စီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ

November 3, 2018

MPT Myanmar National League II 2019 ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြ၀တီအက်ဖ်စီအသင်းသည် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်မည့် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ယနေ့ညနေပိုင်းက ခြေစမ်းကစားခဲ့ရာ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ခြေစမ်းပွဲကို သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်းတွင် ယနေ့ညနေပိုင်းက ခြေစမ်းကစားခဲ့ခြင်းဖြစ်ပြီး မြ၀တီအသင်းသည် ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုး ရရှိခဲ့သည်။

မြ၀တီအသင်းအတွက် အနိုင်ဂိုးများကို ၄၂၊ ၄၅ မိနစ်များတွင် တိုက်စစ်မှူး ဖြိုးမင်းထိုက်က နှစ်ဂိုးနှင့် ၈၆ မိနစ်တွင် ၀ါရင့်တိုက်စစ်မှူး ရဲဝေယံစိုးက တစ်ဂိုး သွင်းယူပေးခဲ့သည်။

ယနေ့ပွဲတွင် မြ၀တီအသင်း အနေဖြင့် ပထမပိုင်းတွင် လူငယ်အများစုကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် အဓိက ကစားသမားများကို ထည့်သွင်းအသုံးပြု ယှဉ်ပြိုင်ခဲ့သည်။

ထိုနည်းတူ တက္ကသိုလ်အသင်းကလည်း မိနစ် ၆၀ နောက်ပိုင်းတွင် ပထမပွဲထွက် လူစာရင်းမှ ကစားသမား ၁၁ ဦးစလုံးကို လူစားလဲ အသုံးပြု ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။

တက္ကသိုလ်အသင်းသည် အာဆီယံအားကစားပြိုင်ပွဲမတိုင်မီ နောက်ထပ် ခြေစမ်းပွဲ လေးပွဲခန့် ယှဉ်ပြိုင်ကစားသွားရန် စီစဉ်ထားပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က ဒဂုံအက်ဖ်စီအသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။