MPT U-14 Football Tournament 2018 ပုသိမ်ဇုန်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

November 5, 2018

ဗိုလ်လုပွဲတွင် ပုသိမ်(က)အသင်းအား အနိုင်ယူကာ ဗိုလ်စွဲခဲ့သည့် ပုသိမ်(ခ) အသင်း

ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် MPT U-14 Football Tournament 2018 အမျိုးသားဘောလုံး ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ပုသိမ်(ခ) အသင်းက ပုသိမ်(က)အသင်းအား  ၃-၁ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင် နယ် လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်(ယနေ့)ညနေက ပုသိမ်မြို့ရှိ ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲတွင် ပုသိမ်(ခ)အသင်းက ပုသိမ်(က)အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပုသိမ်(ခ) အသင်း အတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၅ မိနစ်တွင် ကြယ်စင်ထွန်း၊ ၂၉ မိနစ်တွင် စထက်ကိုကို၊ ၃၇ မိနစ်တွင် အောင်ထက်ဇော်တို့က သွင်းယူပေးခဲ့ကြသည်။ ပုသိမ်(က)အသင်းအတွက် ချေပဂိုး တစ်ဂိုး ကို ပွဲချိန် ၅၂ မိနစ်တွင် နိုင်ထက်ဦးက သွင်းယူပေးခဲ့သည်။ ထို့နောက် ပုသိမ်(ခ)အသင်းနှင့် ပုသိမ်(က) အသင်း တို့ ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ဒိုင်လူကြီးများအား အသိအမှတ်ပြု ဆုတံဆိပ်ချီး မြှင့်ခဲ့ ပြီး အဆိုပါဆုအား မြန်မာဘရူဝါရီ လီမိတက်မှ Regional Operation Manager ဦးကျော်မျိုးအောင်က ချီးမြှင့်ပေးခဲ့သည်။ ပုသိမ်ဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို ပုသိမ်(က)အသင်းမှ နိုင်ထက်ဦးက ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို MBL Corporate Communication Manager ဦးမိုးဇော်က ချီးမြှင့်ပေး ခဲ့သည်။

အလယ်တန်းအကောင်းဆုံးကစားသမားဆုကို ပုသိမ်(ခ)အသင်းမှ အောင်ထက်ဇော်က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို MBL Corporate Communication Manager ဦးမိုးဇော်က ထပ်မံ ချီးမြှင့်ပေးခဲ့သည်။ နောက်တန်း အကောင်းဆုံး ကစားသမားဆုကို မြောင်းမြ(ခ)အသင်းမှ သီဟအောင်က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို မြန်မာနေရှင်နယ်လိဂ်၊ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆုကို ပုသိမ်(ခ)အသင်းမှ ချစ်မင်းကိုမှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ဧရာဝတီ တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး ဦးကျော်ဝင်းက ချီးမြှင့်ပေး ခဲ့သည်။ ဂိုးသွင်း အများဆုံး ကစားသမားဆုကို မြောင်းမြ(ခ)အသင်းမှ အောင်မျိုးသက်မှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ကရင်တိုင်ရင်းသားရေးရာဝန်ကြီး ဒေါ်ဂါမိုးမြတ်သူမှ ချီးမြှင့်ပေးခဲ့ သည်။ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ပုသိမ်(က)အသင်းမှ မိုးယံ မင်းမှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို ဧရာဝတီတိုင်းဒေသကြီး အားကစား ကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်မှ ချီးမြှင့်ခဲ့သည်။

ထို့နောက် ပရီးမီးယား Brand Manager ဦးဇော်လင်းဦးမှ ပုသိမ်ဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု ရခဲ့သည့် ပုသိမ်(က) အသင်းအား ဆုကြေးငွေကျပ် နှစ်သိန်း ချီးမြှင့်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး ဦးကျော်ဝင်းမှ တတိယရခဲ့သည့် ဟင်္သာတ(က) အသင်းအား တစ်ဦးချင်းဆု တံဆိပ်များ ချီးမြှင့်ခဲ့ပြီး ဆုကြေးငွေကျပ် သုံးသိန်းအား ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါမိုးမြတ်သူမှ ချီးမြှင့် ပေးခဲ့သည်။

ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် ပုသိမ်(က)အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို  လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှ ချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေကျပ် ငါးသိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းမှ ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် ပုသိမ်(ခ)အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို MPT JO Regional Manager ဒေါ်ဆွေမာမှ ချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေကျပ် ၁၀ သိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းမှ ချီးမြှင့် ပေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ ပထမရခဲ့သည့် ပုသိမ်(ခ) အသင်းကို ချန်ပီယံဆုဖလား ချီးမြှင့်ပေးခဲ့သည်။

မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာ နေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ပူးပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံး ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိ သည်။ လက်ရှိတွင် မန္တလေး၊ မုံရွာ၊ ပဲခူးမြို့၊ မော်လမြိုင်၊ စစ်တွေမြို့နှင့် ပုသိမ်မြို့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက် ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT တို့ ပူးပေါင်း၍ တောင်ကြီးနှင့် ရန်ကုန်မြို့များတွင် ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။