မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု၊ ရန်ကုန် ယူနိုက်တက်အသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည့် MPT U-14 Football Tournament 2018 အတွက် အုပ်စုမဲခွဲခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြိုင်ပွဲကျင်းပမည့် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
MPT U-14 Football Tournament 2018 အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ပြိုင်ပွဲများ၏ သတ္တမမြောက် ပြိုင်ပွဲဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ၄ ခုမှ လက်ရွေးစင် အသင်း ၃ သင်း၊ စုစုပေါင်း အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ကျင်းပမည့် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ သင်းကို သုံးသင်းပါ လေးအုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်း၊ တတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင် အသင်းတိုင်းအား တစ်သင်းလျင် ထောက်ပံ့ကြေး ကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများ၊ ဘောလုံးများ ပံ့ပိုးပေးထားသည်။
ယနေ့ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲမှုများ အပြီးတွင် အုပ်စု(က)၌ တောင်ပိုင်းခရိုင်-ခ အသင်း၊ တောင်ပိုင်းခရိုင်-က အသင်းနှင့် အနောက်ပိုင်း ခရိုင်-ခ အသင်းများ ကျရောက်နေသည်။ အုပ်စု(ခ)တွင် မြောက်ပိုင်းခရိုင်-က အသင်း၊ အရှေ့ပိုင်းခရိုင်-ခ အသင်း၊ မြောက်ပိုင်းခရိုင်-ခ အသင်းများ ပါဝင်နေပြီး အုပ်စု(ဂ)တွင် အနောက်ပိုင်းခရိုင်-ခ အသင်း၊ တောင်ပိုင်းခရိုင်-ဂ အသင်း၊ အရှေ့ပှိုင်းခရိုင်-က အသင်းတို့ ပါဝင်လျှက် ရှိသည်။ နောက်ဆုံးအုပ်စု ဖြစ်သည့် အုပ်စု(ဃ)တွင် အရှေ့ပိုင်းခရိုင်-ဂ၊ မြောက်ပိုင်းခရိုင်-ဂ အသင်း၊ အနောက်ပိုင်းခရိုင်-ဂ အသင်းများ ကျရောက်လျှက် ရှိသည်။
ပြိုင်ပွဲကို ၁ ရက်လျင် ၂ ပွဲနှုန်းဖြင့် နံနက်ပိုင်းပွဲစဉ်အား ၈း၀၀ အချိန်တွင်ကျင်းပမည်ဖြစ်ပြီး ညနေပွဲစဉ်ကို ၃း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် အုပ်စုအဖွင့်ပွဲစဉ်များတွင် တောင်ပိုင်းခရိုင်-ခ အသင်းနှင့် အနောက်ပိုင်းခရိုင်-ခ အသင်း၊ မြောက်ပိုင်းခရိုင်-က အသင်းနှင့် မြောက်ပိုင်းခရိုင်-ခ အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
MPT U-14 Football Tournament 2018 ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်၊ နံနက် ၇း၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ YUSC ကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနားနှင့်အတူ အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် MFF-MNL-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်) ကိုပါ ပူးတွဲပြုလုပ်သွားမည်ဖြစ်သည်။
MPT U-14 Football Tournament 2018 (Yangon) ပွဲစဉ်ဇယား အပြည့်အစုံ