(၇) ခုမြောက် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲ(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်ယူနိုက်တက်အသင်း၏ YUSC ကွင်း၌ ခမ်းနားစွာ ကျင်းပပြုလုပ်

November 7, 2018

(၇) ခုမြောက်ဖြစ်သည့် MFF-MNL-MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ  ရန်ကုန်ယူနိုက်တက်အသင်း၏အိမ်ကွင်း Y.U.S.C ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အထူးစီမံကိန်းတစ်ရပ်အနေဖြင့် ဖော်ဆောင်လျက်ရှိသည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ MPT- KSGM Joint Operations မှ Deputy Chief Operating Officer ဦးနိုင်ကိုကိုနှင့်  MPT မှ တာဝန်ရှိသူများ၊ မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာကာဇူဖူမီ နာဂါဂျီမာနှင့် တာဝန်ရှိသူများ၊  အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအတွက် ပံ့ပိုးပေးကြသည့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ သတင်းမီဒီယာများ၊ အားကစားဝါသနာရှင်ပရိသတ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး MPT-KSGM Joint Operation မှ Chief Operationg Offcier ဦးနိုင်ကိုကိုမှ ပြိုင်ပွဲအား ပံ့ပိုးပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး  မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာ မစ္စတာကာဇူဖူမီ နာဂါဂျီမာမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အမှာစကားပြောကြားရာတွင်  “ယခင်က လူငယ်ပြိုင်ပွဲတွေကို အသက် ၁၆ နှစ်အောက်၊ ၁၉ နှစ်အောက်ပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်။ လက်ရှိမှာ  အသက် ၁၄ နှစ်ဆိုရင် အာရှအဆင့် ပြိုင်ပွဲတွေ ကျင်းပနေပြီဖြစ်ပါတယ်။ ဒါကြောင့် ယူ ၁၄ အဆင့်ကနေစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပလာခဲ့တာ အခုဆိုရင် ၇ ခုမြောက် ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၂ နှစ်အောက်(Grassroots)တွေကိုလည်း စနစ်တကျနဲ့ ဘောလုံးအခြေခံပညာတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ဘောလုံးကို စနစ်တကျ ကစားတတ်လာမယ်။ နောင်တစ်ချိန်မှာ နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးအားကစားသမားကြီးတွေ ဖြစ်လာမယ်။ ဘောလုံးအားကစားကနေတစ်ဆင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာမယ်။ ဒါကြောင့် ပံ့ပိုးပေးတဲ့ ကျောင်းသား မိဘတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သားတို့၊သမီးတို့အနေနဲ့လည်း ပညာရေးအပြင် အားကစားဘက်မှာလည်း ထူးချွန်အောင် ကြိုးစားကြစေလိုပါတယ်။ ဒီလိုပြိုင်ပွဲကြီး တစ်ခုဖြစ်လာဖို့ဆိုတာလည်း တစ်ကယ်တော့ လွယ်ကူတာ မဟုတ်ပါဘူး။ ပြိုင်ပွဲကြီး ဖြစ်မြောက်ဖို့အတွက် ငွေကုန်ကြေးကျခံ၊အပင်ပန်းခံပြီး အဘက်ဘက်မှ ဆောင်ရွက်ရတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပံ့ပိုးပေးကြတဲ့ MPT နဲ့ သက်ဆိုင်ရာ စပွန်ဆာတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ သားတို့၊သမီးတို့အနေနဲ့လည်း ဆက်လက်ပြီးတော့ ထူးချွန်ပြောင်မြောက်တဲ့ အားကစားသမားတွေ ဖြစ်လာအောင် ကြိုးစားရင်းနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ပါစေ” ဟု ဦးဇော်ဇော်မှ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌနှင့်  ဧည့်သည်တော်ကြီးများမှ ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ကာ  MPT လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များနှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လူငယ်များအား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက်  MPT မှ ဘောလုံး ၂၅၀၊ Myanmar Care မှ ဘောလုံး ၁၅၀ နှင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ဘောလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လက်ခံရယူခဲ့သည်။

အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် MPT လူငယ်ဘောလုံးပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကလေးငယ် စုစုပေါင်း ၂၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး  အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာများနှင့် ကျောင်းသား/ သူ  ၁၅၀၀ ခန့် တက်ရောက်အားပေးခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လမ်းညွန်ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(ရန်ကုန်) ကို နိုဝင်ဘာ ၈ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်း၌ တစ်ရက်လျက် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းမှ  ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည့်အပြင်  ပြိုင်ပွဲဝင် အသင်းတိုင်းအား တစ်သင်းလျင် ထောက်ပံ့ကြေး ငွေကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများ၊ ဘောလုံးများ ပံ့ပိုးပေးထားသည်။

ထို့ပြင် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

MFF-MNL-MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မန္တလေး၊မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေနှင့် ပုသိမ်မြို့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွင်း ကျင်းပသွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု အနက် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် ပြိုင်ပွဲတစ်ခုသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

လူငယ်ဘောလုံးပြိုင်ပွဲနှင့် လူငယ်ဘောလုံးပွဲတော်များကို မျိုးဆက်သစ်ကစားသများ ထွက်ပေါ်လာရေးနှင့် လူငယ်များ ဘောလုံးအားကစားကို ပိုမိုခုံမင်လာစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် သက်ဆိုင်ရာ စပွန်ဆာပါတနာတို့ လက်တွဲညီစွာ ပူးပေါင်း၍ လာမည့်နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုတွင် တိုးချဲ့ ပြုလုပ်သွားမည်လည်း ဖြစ်ပါသည်။

=====

MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။