MPT U-14 Football Tournament 2018 ရန်ကုန်ဇုန် ပွဲအတွက် အသက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကစားသမား ၂၀ ဦး အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိ

November 7, 2018

လာမည့် နိုဝင်ဘာ ၈ ရက်တွင် စတင်ကျင်းပတော့မည့် MPT U-14 Football Tournament 2018 (ရန်ကုန်ဇုန်) ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား ၂၀ ဦးမှာ အသက်ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရခဲ့သည်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းမှ ကစားသမားများကို ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမားများကို ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဓာတ်မှန်ရိုက် စစ်ဆေးခံခဲ့ရသူ ကစားသမား ၅၀ ဦးအနက် ၂၀ ဦးမှာ စစ်ဆေးမှုကို ကျရှုံးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်သည်။ ထို့ကြောင့် အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲမှ စတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သည့် အသက်စစ် အဖွဲ့မှ ကြပ်ကြပ်မတ်မတ် စစ်ဆေးနေခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အသက်စစ်ဆေးမှု အောင်မြင်ခြင်း မရှိသည့် ကစားသမားများကို ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ ပြန်လည် စေလွှတ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယခုနှစ်အတွင်း MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်မြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ရန်ကုန်မြို့တွင် ယခု စတင်ကျင်းပတော့မည့် ပြိုင်ပွဲအပြီးတွင် ယခုနှစ်၏ နောက်ဆုံး ပြိုင်ပွဲအဖြစ် တောင်ကြီးမြို့တွင် ကျင်းပသွားဦးမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား စစ်ဆေးသွားမည် ဖြစ်ပါသည်။