ကျော်ဇင်ဖြိုး၊ နန္ဒကျော်တို့အပါအ၀င် မကွေးအသင်းမှ ပွဲထွက်ကစားသမား ခြောက်ဦး အသင်းနှင့်လမ်းခွဲရန် ရှိ

November 13, 2018

မကွေးအက်ဖ်စီအသင်းမှ အဓိက ပွဲထွက်ကစားသမားများဖြစ်ကြသည့် ကျော်ဇင်ဖြိုး၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ မောင်မောင်စိုး၊ ဆက်ဖြိုးဝေ၊ ချိုထွန်းအစရှိသည့် ကစားသမားများသည် လာမည့် ၂၀၁၉ ဘောလုံးရာသီသစ်တွင် အသင်း၌ ဆက်လက်ကစားမည် မဟုတ်ဘဲ အသင်းနှင့် လမ်းခွဲရန် အစီစဉ်ရှိနေသည်။

မကွေးအသင်း၏ အဓိက ပွဲထွက် ဂိုးသမားတစ်ဦးဖြစ်သည့် ကျော်ဇင်ဖြိုးသည် အသင်းတွင် ရှစ်နှစ်ကြာ ကစားခဲ့သည့် ကစားသမား တစ်ဦးဖြစ်သလို အသင်း၏ အရေးပါသည့် ပွဲစဉ်များတွင် အကောင်းဆုံးလက်စွမ်းပြ ကာကွယ်ကစားနိုင်ခဲ့သူဖြစ်သည်။ အလားတူ နောက်တန်းကစားသမားတစ်ဦးဖြစ်သည့် ကျော်ဇင်လွင်သည်လည်း လာမည့်ဘောလုံးရာသီသစ်တွင် အသင်းပြောင်းရွှေ့ရန် ရှိနေသည်။ ကျော်ဇင်လွင်သည် ၂၀၁၁ ခုနှစ်တွင် မကွေးလူငယ်အသင်းသို့ စတင်ရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မကွေးစီနီယာအသင်းတွင် ကစားခွင့် ရခဲ့သူတစ်ဦးဖြစ်သည်။ ကျော်ဇင်လွင်သည် ပြီးခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် မကွေးအသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားသည်။

မကွေးအသင်း၏ နောက်တန်းကစားသမားတစ်ဦးဖြစ်သည့် နန္ဒကျော်သည်လည်း လာမည့်ဘောလုံးရာသီသစ်တွင် မကွေးအသင်းမှ ထွက်ခွာရန် ရှိနေပြီး ပြီးခဲ့သည့်ဘောလုံးရာသီတွင် မကွေးအသင်းအတွက် သွင်းဂိုး သုံးဂိုး သွင်းယူပေးထားသည်။ မကွေးအသင်း၏ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် မောင်မောင်စိုးသည်လည်း လာမည့်ဘောလုံးရာသီတွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်ပြီး ပြီးခဲ့သည့် ရာသီတွင် အသင်းအတွက် သွင်းဂိုး လေးဂိုး သွင်းယူပေးထားသည်။ လက်ရှိအချိန်တွင် နန္ဒကျော်နှင့် မောင်မောင်စိုးတို့သည် မြန်မာ့ လက်ရွေးစင်အသင်း နှင့်အတူ ဆူဇူကီးဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးထားသည့် တိုက်စစ်မှူး ချိုထွန်းသည်လည်း ရာသီကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်သလို ကွင်းလယ်ကစားသမား ဆက်ဖြိုးဝေသည်လည်း အသင်းနှင့် လမ်းခွဲမည်ဖြစ်သည်။ မကွေးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပြည်တွင်း ကစားသမားများဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းဖြစ်ပြီး အဆင့် ၇ နေရာတွင် ရပ်တည်ခဲ့သည်။ အဆိုပါ မကွေးအသင်း၏ အဓိက ကစားသမား အများစုသည် အသင်းနှင့် လမ်းခွဲမည်ဖြစ်သည့်အတွက် မကွေးအသင်းအနေဖြင့် အဆိုပါကစားသမားများ၏ နေရာတွင် ပြန်လည်ဖြည့်တင်းရန် စီစဉ်လျက်ရှိသည်။